“စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်း ၄၅ ကြိမ် ဖွင့်လှစ်နိုင်ရန် လျာထား”

12 Jun

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာနှစ်မှာ အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်း ၄၅ ကြိမ် ဖွင့်လှစ်နိုင်ရန် လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ အဆိုပါသင်တန်းကို စက်မှုလက်မှုနည်းပညာများအား ပြန်လည်အသုံးချပြီး မိသားစုဝင်ငွေတိုးတက်ရရှိကာ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရန်၊ စွန့်ဦးတီထွင်လုပ်ကိုင်လိုသူများအနေနဲ့လည်း နည်းပညာများရရှိပြီး စမ်းသပ်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရန် လျာထားခြင်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ တိုင်းဒေသကြီးအတွင်း အသက်မွေးဝမ်းကျောင်းကာလတိုသင်တန်းများဖြစ်တဲ့ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လျှပ်စစ်သွယ်တန်းခြင်းနည်းပညာသင်တန်း၊ အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ လက်မှုပစ္စည်းများထုတ်လုပ်မှုနည်းပညာသင်တန်း၊ အခြေခံနှင့် အဆင့်မြင့်စက်ချုပ်နည်းပညာသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ထုတ်ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ယုံကြည် စိတ်ချစွာ ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးကွက်များတွင် တရားဝင်ဖြန့်ဖြူးရောင်းချနိုင်စေရန်နှင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်စေရန် စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများအား ဓာတ်ခွဲစမ်းသပ် စစ်ဆေးပေးခြင်းနှင့် လုပ်ငန်းမှတ်ပုံတင်ပြုလုပ်ပေးခြင်းများကိုလည်း စနစ်တကျစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

12 Jun

ADVERTISE HERE .