“စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ကစားသမားခြောက်ဦးနှင့် လမ်းခွဲကြောင်း မန်ယူအသင်းထုတ်ပြန်”
12 Jun
မန်ယူအသင်းက ကက်စ်မဲရိုး၊ ဆန်ချို၊ မာလာစီယာ၊ အယ်ဂျိုဖီ၊ ဂျိမ်းဘိုင်လီ၊ မာလာချီချက်ဖီ တို့နဲ့ စာချုပ် သက်တမ်းကုန်ဆုံးကာ လမ်းခွဲကြောင်း အတည်ပြုထုတ်ပြန် ကြေညာခဲ့ပါတယ်။ ကက်စ်မဲရိုး က ၂၀၂၂ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့် ဘောလုံးရာသီတိုင်းမှာ ခြေစွမ်းပြနိုင်ကာ ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်၌ စာချုပ်သက်တမ်းကုန်ဆုံးပြီး လမ်းခွဲခဲ့ခြင်း ဖြစ်ပါတယ်။ ကက်စ်မဲရိုး အနေနဲ့ မန်ယူအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲသို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိရာမှာ အဓိက ကစား သမားအဖြစ် ခြေစွမ်းပြနိုင်သော်လည်း ၎င်းရဲ့ အသက်အရွယ်အပိုင်းအခြားကြောင့် မန်ယူအသင်းက စာချုပ်သစ် ထပ်မံ ချုပ်ဆိုခြင်းမရှိခဲ့ဘဲ ရာသီအကုန်တွင် လမ်းခွဲခဲ့ခြင်းဖြစ်ပါတယ်။ ဆန်ချို က ဒေါ့မွန်အသင်း၌ကစားခဲ့စဉ်မှာ ထိပ်တန်းအဆင့်ခြေစွမ်း ပြနိုင်သော်လည်း ၂၀၂၁ ခုနှစ်တွင် မန်ယူ အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ခြေစွမ်းပြနိုင်ရန်ရုန်းကန်ခဲ့ရကာ ပြီးခဲ့တဲ့ဘောလုံးရာသီက အက်စ်တွန်ဗီလာ အသင်းထံ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့ပါတယ်။ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အသင်းနှင့်လမ်းခွဲခဲ့ပြီး လက်ရှိတွင် ကလပ်အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။ မာလာစီယာ က ၂၀၂၂ ခုနှစ်မှာ ဖီယင်နုအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး ဒဏ်ရာပြဿနာ များနှင့်သာ ရုန်းကန်နေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာ အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် လမ်းခွဲခဲ့ခြင်းဖြစ်ပါတယ်။ မန်ယူအသင်းအကယ်ဒမီထွက် ကစားသမားများဖြစ်တဲ့ အယ်ဂျိုဖီ၊ ဂျိမ်းဘိုင်လီ၊ မာလာချီချက်ဖီ တို့နဲ့လည်း ယခုလကုန်ပိုင်းတွင် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခြင်းမရှိဘဲ အလွတ်ပြောင်းရွှေ့ ကြေးဖြင့် လမ်းခွဲကြောင်းထုတ်ပြန်ခဲ့ပါတယ်။(NVS 008)