“အမေရိကန်နှင့်အီရန်တို့ကြား တိုက်ခိုက်မှုများပြန်လည်ဖြစ်ပွားပြီး ဟော်မုရေလက်ကြားပိတ်ထားခြင်းကြောင့် ရေနံဈေးနှုန်းများ ပြန်လည်မြင့်တက်နိုင်”

12 Jun

အမေရိကန်နှင့်အီရန်တို့ကြား အပြန်အလှန်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားကြောင်းနှင့် အီရန်နိုင်ငံက ဟော်မုရေလက်ကြားကို ပြန်ပိတ်လိုက်သည့်အတွက် ရေနံဈေးနှုန်းများ ပိုမိုမြင့်တက်နိုင်ကြောင်း သိရသည်။ အမေရိကန်နှင့် အစ္စရေးတို့ပူးပေါင်းပြီး ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အီရန်ကို တိုက်ခိုက်မှုစတင်လုပ်ဆောင် ပြီးနောက် အမေရိကန်နှင့်အီရန်တို့ကြား အပစ်အခတ်ရပ်စဲရေးကို ဧပြီလတွင်ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် အမေရိကန်၏ စစ်ဘက်ရဟတ်ယာဉ်တစ်စင်းကို အီရန်ကပစ်ချသည်ဟု အမေရိကန်ကစွပ်စွဲကာ တိုက်ခိုက်မှုများ လုပ်ဆောင်ရာမှ နှစ်နိုင်ငံကြားအပြန်အလှန် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခြင်း ဖြစ်သည်။ အီရန်ကလည်း ဒေသတွင်းနိုင်ငံများရှိ အမေရိကန်၏စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှု များ လုပ်ဆောင်သည်။ ထို့ပြင် ယခုတိုက်ခိုက်မှုကို အမေရိကန်ဘက်က စတင်ခြင်းဖြစ်ကြောင်းနှင့် ယင်းသို့ တိုက်ခိုက်မှုကြောင့် ဧပြီလတွင် ရရှိထားသော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှာ အဓိပ္ပာယ်မဲ့သွားပြီဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်သည်။ လက်တုံ့ပြန်တိုက်ခိုက်မှုများက ဇွန်လ ၁၀ ရက်တွင် စတင်ခြင်း ဖြစ်ပြီး ဇွန်လ ၁၁ ရက်အထိ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်ကို အပြင်းအထန်တိုက်ခိုက်မည်ဟု သတိပေးထားသည်။ ထိုသို့တိုက်ခိုက်မှုများ ဆက်ဖြစ်နေမည်ဆိုပါက ကမ္ဘာ့ရေနံစိမ်းသည် တစ်စည်လျှင် ဒေါ်လာ ၁၅၀ အထိမြင့်တက်လာနိုင်သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက် အရ သိရသည်။

12 Jun

ADVERTISE HERE .