“မြန်မာ-တရုတ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲ ၂၀၂၆ ကို ၃ ရက်ကြာ ကျင်းပမည်”
12 Jun
မြန်မာ-တရုတ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲ ၂၀၂၆ (Myanmar–China Trade & Investment Expo 2026) ကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဗမာတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်း (UMBEEA) မှ သိရပါတယ်။ အဆိုပါပြပွဲကို UMBEEA မှ ကြီးမှူး၍ ရန်ကုန်မြို့ရှိ Yangon Convention Center (YCC) တွင် ကျင်းပသွားမှာဖြစ်ပြီး ပြပွဲမှာ မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်နှင့် ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်များသို့ MSMEs လုပ်ငန်းများ ချိတ်ဆက်ဝင်ရောက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။ အခုပြပွဲမှာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)၊ ထုတ်လုပ်ရေးလုပ်ငန်း များ၊ စားသောက်ကုန်နှင့် လူသုံးကုန်လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ အလှကုန်၊ ဖက်ရှင်နှင့် လက်မှုပစ္စည်း ထုတ်လုပ်သူများအပြင် ဝန်ဆောင်မှုလုပ်ငန်းများလည်း ပါဝင်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြပွဲမှာ ပါဝင်တဲ့ လုပ်ငန်းရှင်များအနေနဲ့ မိမိတို့၏ ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကို ပြည်တွင်း ပြည်ပဈေးကွက်သို့ မိတ်ဆက်နိုင်မှာဖြစ်ပြီး ဖောက်သည်အသစ်များ ရှာဖွေနိုင်ခြင်း၊ စီးပွားရေးမိတ်ဖက်များနှင့် ချိတ်ဆက်နိုင်ခြင်း၊ ကိုယ်စားလှယ်နှင့် ဖြန့်ချိရေးကွန်ရက်များ တိုးချဲ့နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရှာဖွေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။ UMBEEA အနေဖြင့် မြန်မာ MSMEs လုပ်ငန်းများအတွက် အထူးအားပေးနှုန်းဖြင့် Booth များငှားရမ်းပေး သွားမည်ဖြစ်ပြီး Booth အရေအတွက် ကန့်သတ်ထားသဖြင့် စိတ်ပါဝင်စားသူများ အမြန်ဆုံး စာရင်းပေးသွင်းဖို့ကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ (NVS 004)