“လာမယ့်ရာသီ ACGL ပြိုင်ပွဲကို ရှမ်းယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ခွင့်ရမယ်”

11 Jun

အာရှဘောလုံးအဖွဲ့ချုပ်(AFC)က ကျင်းပမယ့် လာမယ့် ၂၀၂၆- ၂၀၂၇ ရာသီ AFC Challenge League (ACGL) ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရှမ်းယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက် အသင်း ၂ သင်း ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။ AFC ဟာ လာမယ့်ရာသီ အာရှကလပ်အသင်းပြိုင်ပွဲများအတွက် ဝင်ခွင့်တွေကို ပြီးခဲ့တဲ့မေလ ၃၁ ရက်က အတည်ပြုခဲ့ပါတယ်။ AFC ရဲ့ အတည်ပြုချက်အရ မြန်မာနိုင်ငံက ကလပ်အသင်း ၂ သင်းဟာ လာမယ့် ရာသီ AFC Challenge League ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ MNL ပြိုင်ပွဲချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက လာမယ့် AFC Challenge League ပြိုင်ပွဲကို အုပ်စုအဆင့်၊ ဒုတိယရရှိတဲ့ ရန်ကုန်ယူနိုက်တက်အသင်းက လာမယ့် AFC Challenge League ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်တွေကနေ ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရရှိကြမှာဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း AFC Challenge League ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိထားခဲ့ပါတယ်။ အဲဒီတုန်းက ရန်ကုန်ယူနိုက်တက်အသင်းက ခြေစစ်ပွဲအဆင့်မှာ လာအိုကလပ် အီဇရာအသင်းကို ပယ်နယ်တီနဲ့ ရှုံးနိမ့်ပြီး ခြေစစ်ပွဲမအောင်မြင်ခဲ့သလို ရှမ်းယူနိုက်တက်အသင်းကလည်း အုပ်စုအဆင့်မှာ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တရုတ်တိုင်ပေကလပ်အသင်းတွေကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ (NVS 008)

11 Jun

ADVERTISE HERE .