“ ရီးရဲလ်အသင်း က Adidas နဲ့ ၂၀၃၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို”
11 Jun
ရီးရဲလ်မက်ဒရစ်အသင်းဟာ ကာလရှည်လက်တွဲလာခဲ့တဲ့ ဝတ်စုံစပွန်ဆာ Adidas နဲ့ ၂၀၃၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းက ဂျာမန်အားကစားပစ္စည်းကုမ္ပဏီဖြစ်တဲ့ Adidas နဲ့ ၁၉၉၈ ခုနှစ်ကတည်းက လက်တွဲခဲ့ခြင်း ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ အသင်းရဲ့ သက်တမ်းတစ်လျှောက်မှာ ဝတ်စုံစပွန်ဆာအဖြစ် ကုမ္ပဏီ ၃ ခုနဲ့သာ လက်တွဲခဲ့ဖူးပြီး Adidas၊ Hummel နဲ့ Kelme တို့ဖြစ်ကြောင်း သိရပါတယ်။ ဝတ်စုံစပွန်ဆာအတွက် ပထမဆုံးလက်တွဲခဲ့တဲ့ ကုမ္ပဏီကလည်း Adidas ပဲဖြစ်ပြီး ၁၉၈၁ ကနေ ၁၉၈၅ အထိ လက်တွဲခဲ့ပြီးနောက် Hummel နဲ့ ၁၉၈၅ ကနေ ၁၉၉၄ အထိ ပြောင်းလဲလက်တွဲခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၄ ကနေ ၁၉၉၈ အထိ Kelme နဲ့ လက်တွဲခဲ့ပြီး ၁၉၉၈ ကနေ လက်ရှိအချိန်အထိ Adidas နဲ့ ပြန်လည်လက်တွဲ ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်အသင်းက Adidas နဲ့ လက်တွဲခဲ့တဲ့ကာလအတွင်း ချန်ပီယံလိဂ်ဖလား ၈ ကြိမ်အပါအဝင် ဆုဖလား အောင်ပွဲများစွာ ရယူနိုင်ခဲ့သလို၊ ငွေကြေးအားဖြင့်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ဝတ်စုံစပွန်ဆာအတွက် Adidas ဆီက တစ်နှစ်ယူရိုသန်း ၁၂၀ ရရှိနေကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းဟာ ရင်ဘတ်စပွန်ဆာအတွက် Emirates နဲ့ ၂၀၃၁ အထိ သက်တမ်းတိုးဖို့လည်း သဘောတူညီမှုရရှိထားပြီး ဝတ်စုံ စပွန်ဆာ၊ ရင်ဘတ်စပွန်ဆာနဲ့ လက်မောင်းစပွန်ဆာ သုံးမျိုးကနေ တစ်နှစ်ကို ယူရိုသန်း ၃၀၀ ဝန်းကျင် ရရှိသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)