“တရုတ်(တိုင်ပေ)က အမေရိကန်၏ဒုံးကျည်စနစ်ကို တရုတ်ပြည်မကြီးဘက် ဦးတည်၍ စမ်းသပ်ပစ်ခတ်"
11 Jun
တရုတ်(တိုင်ပေ)သည် အမေရိကန်က ပံ့ပိုးကူညီထားသော HIMARS ဒုံးကျည်စနစ်မှ ဒုံးကျည်အစင်းရေ ၃၆ စင်းခန့်ကို တရုတ်ပြည်မကြီးကမ်းရိုးတန်းဘက်သို့ ဦးတည်၍ စမ်းသပ်ပစ်ခတ်မှုလုပ်ကြောင်းသိရသည်။ ဇွန်လ ၁၀ ရက်တွင်လုပ်ဆောင်သည့် ယခုစမ်းသပ်ပစ်ခတ်မှုသည် ထိုင်ဝမ်ကျွန်း၏အနောက်ဘက်ကမ်းရိုးတန်း၌ ပထမဆုံး အကြိမ်ပြုလုပ်သည့် ကျည်စစ်ကျည်မှန်သုံး စစ်ရေးလေ့ကျင့်မှုဖြစ်သည်။ ထိုင်ဝမ်ကျွန်းကို နိုင်ငံ၏အချုပ်အခြာ အာဏာပိုင်နယ်မြေအဖြစ်သတ်မှတ်ထားသည့် တရုတ်အစိုးရနှင့် တရုတ်(တိုင်ပေ)တို့ ကြား သဘောထားတင်းမာမှု များ မြင့်တက်နေချိန်တွင် တရုတ်(တိုင်ပေ)က ယခုကဲ့သို့ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုလုပ်ဆောင်ခြင်း ဖြစ်သည်။ HIMARS စနစ်သည် ကီလိုမီတာ ၃၀၀ အထိပစ်ခတ်နိုင်သဖြင့် ထိုင်ဝမ်ရေလက်ကြားတစ်ဖက်ကမ်းရှိ တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်အတွင်းသို့လှမ်းမျှော်ပစ်ခတ်နိုင်သည်။ အမေရိကန်က တရုတ်(တိုင်ပေ)ကို လွတ်လပ် သော နိုင်ငံအဖြစ် တရားဝင်အသိအမှတ်မပြုသော်လည်း အဓိကလက်နက်ပံ့ပိုးပေးသူအဖြစ် ဆက်လက် ရပ်တည် နေသည်။ တရုတ်အစိုးရကမူ အမေရိကန်၏လုပ်ရပ်က ပြည်တွင်းရေးကို စွက်ဖက်ခြင်း ဖြစ်ကြောင်း အကြိမ်ကြိမ် ရှုတ်ချပြီး ထိုင်ဝမ်ကျွန်းအရေးက နှစ်နိုင်ငံဆက်ဆံရေးတွင် အထိအခိုက်မခံသောအရေးကြီးကိစ္စဖြစ်ကြောင်း သတိပေးထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။