“အမေရိကန်၏လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံတောင်ပိုင်းတွင် လူပေါင်းသောင်းချီ ရေပြတ်လပ်မှု နှင့်ကြုံတွေ့”

11 Jun

အီရန်နိုင်ငံတောင်ပိုင်း ဆီရစ်ဆိပ်ကမ်းမြို့ရှိ ရေလှောင်ကန်နှစ်ခုကို အမေရိကန်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုလုပ်သဖြင့် ဒေသခံပြည်သူသောင်းနှင့်ချီ၍ သောက်သုံးရေပြတ်လပ်မှုနှင့်ကြုံတွေ့နေကြောင်း အီရန် နိုင်ငံပိုင်သတင်းဌာနတစ်ခုက ဇွန်လ ၁၀ ရက် တွင် သတင်းထုတ်ပြန်သည်။ အမေရိကန်စစ်ဘက်ကအသုံးပြုလျက် ရှိသော အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းကို ဟော်မုရေလက်ကြား၌ အီရန်က ပစ်ချခဲ့သည်ဟု အမေရိကန် က စွပ်စွဲပြီးနောက် အမေရိကန်စစ်ဘက်က ဟော်မုရေလက်ကြားအနီးရှိ ကက်ကျွန်း၊ ဂျက်နှင့်ဆီရစ်မြို့တို့ကို လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်သည်ဟု အမေရိကန်ဘက်က ထုတ်ပြန်ထားသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဆီရစ်မြို့ရှိဘီမာနီနှင့်ကူဟက်စတက်ဒေသများသို့ ရေဖြန့်ဝေပေးနေသည့် ရေလှောင်ကန်ကြီးနှစ်ခုပျက်စီးသွားသည့်အတွက် လက်ရှိထိုဒေသ၌အပူချိန်သည် ၄၅ ဒီဂရီမှ ၅၀ ဒီဂရီစင်တီဂရိတ် အထိ ရှိနေစဉ် ဒေသခံပြည်သူ ၂၀,၀၀၀ ခန့် မှာ သောက်သုံးရေပြတ်လပ်ကာ အရေးပေါ်အခြေအနေနှင့် ရင်ဆိုင် နေရသည်ဟု ဟော်မိုဇဂန်ပြည်နယ် ရေပေးဝေရေးလုပ်ငန်းအဖွဲ့အကြီးအကဲ အဗ္ဗဒူဟာမစ်ဟမ်ဇာပူက ပြောသည်။ အီရန်အစိုးရကမူ အမေရိကန်၏တိုက်ခိုက်မှုက ဆင်ခြေပေးခြင်းသာဖြစ်ကြောင်းနှင့် ယင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဘာရိန်း၊ ဂျော်ဒန်နှင့် ကူဝိတ်နိုင်ငံတို့ရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များ၊ ဒရုန်း များဖြင့် ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်ကြောင်းထုတ်ပြန်ထားသည်ဟု SCMP သတင်းဌာနဖော်ပြချက်အရ သိရသည်။

11 Jun

ADVERTISE HERE .