“ရန်ကုန်မြစ်အတွင်း သာမန်ထက်ထူးကဲဒီရေ တက်နိုင်ပေမယ့် စိုးရိမ်စရာမရှိ”
11 Jun
ရန်ကုန်မြစ်အတွင်း လာမည့်ဇွန်လ ၁၆ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း အခြေခံရေစစ်မျဉ်းအထက် သာမန်ထက်ထူးကဲဒီရေ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများတွင် နေထိုင်ကြတဲ့ ပြည်သူများ ကြိုတင်ပြင်ဆင် နိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိပေးချက်ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါကာလအတွင်း ရန်ကုန်မြစ်ရေက အခြေခံရေစစ်မျဉ်းအထက်အမြင့် ၂၀ ဒသမ ၀၁ ပေမှ ၂၀ ဒသမ ၀၄ ပေခန့်အထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ သို့သော် ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များမှာ အခြေခံရေစစ် မျဉ်းအထက် ၂၂ ပေခန့်အထိတက်ခဲ့ဖူးတဲ့ သာဓကများရှိခဲ့သဖြင့် ယခုအခြေအနေမှာ စိုးရိမ်ဖွယ်မရှိကြောင်း အသိပေး ထားပါတယ်။ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်က အခြေခံရေစစ်မျဉ်းအထက် ၂၀ ပေကျော်လွန်နိုင်တဲ့အတွက် မြစ်ကမ်းနားဒေသအနီး နေထိုင်သူများအနေနဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ ကြိုတင်သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရပါတယ်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသုံးပြုတဲ့ ရန်ကုန်မြစ်၏ အခြေခံရေစစ်မျဉ်းဆိုသည်မှာ “အနိမ့်ဆုံးကျနိုင်တဲ့ ရေအမှတ်” ကို သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ ရေကြောင်းပြမြေပုံများ ရေးဆွဲရာတွင်လည်းကောင်း၊ ရေအနက်ကို တိုင်းတာရာမှာလည်းကောင်း ဤမျဉ်းကို အခြေခံ(သုညအမှတ်)အဖြစ် အသုံးပြုပါတယ်။ ရန်ကုန်မြစ်၏ အခြေခံရေစစ်မျဉ်းက ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အောက် ၉ ဒသမ ၀၇ ပေ (၂ ဒသမ ၇၆ မီတာ)ခန့်တွင် တည်ရှိပါတယ်။ သတင်းထုတ်ပြန်ချက်ပါ အခြေခံရေစစ်မျဉ်းအထက် ၂၀ ပေ ဆိုသည်မှာ ရေကြောင်းပြ မြေပုံပါ သုညအမှတ် (အနိမ့်ဆုံးရေကျချိန်)ထက် ၂၀ ပေ ပိုမိုမြင့်တက်လာမည်ဟု ဆိုလိုခြင်း ဖြစ်ပါတယ်။ ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်နှင့် နှိုင်းယှဉ်ပါက ရေမျက်နှာပြင်ထက် ၁၁ ပေခန့် ပိုမိုမြင့်တက်လာမှာ ဖြစ်ပါတယ်။ အခြေခံရေစစ်မျဉ်းက ကုန်းမြေပေါ်ရှိ လမ်းမများ၊ လူနေအိမ်ခြေများ၏ အမြင့်ပေနှင့် တိုက်ရိုက် သက်ဆိုင် ခြင်းမရှိဘဲ မြစ်ကြောင်းအတွင်းရှိ ရေအနက်ကို တိုင်း တာသည့် စံနှုန်းတစ်ခုသာ ဖြစ်ပါတယ်။ သို့ဖြစ်ရာ ပေ ၂၀ ကျော် တက်မည်ဆိုသော်လည်း ကုန်းပေါ်သို့ ပေ ၂၀ အထိ ရေနစ်မြုပ်မည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း သိရပါတယ်။ (NVS 004)