“NSPNC နှင့် 7 EAO Alliance တို့၏ အလွတ်သဘောဆွေးနွေး”

11 Jun

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ 7 EAO Alliance တို့အကြား နှစ်ရက်တာ ကျင်းပခဲ့တဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲက အပြန်အလှန်နားလည်မှုများနှင့် ရလဒ်ကောင်းများရရှိကာ အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရပါတယ်။ ဆွေးနွေးပွဲ နိဂုံးချုပ်အမှာစကားမှာ 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း က နှစ်ဦးနှစ်ဖက်ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအကြား ပွင့်ပွင့်လင်းလင်းနှင့် အသေးစိတ်ကျကျ ဆွေးနွေးနိုင်ခဲ့သဖြင့် သဘောထားစုစည်းချက်များနှင့် မှတ်တမ်းကောင်းများရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ယခုဆွေးနွေးပွဲက နှစ်ဦးနှစ်ဖက် ကြိုတင်ညှိနှိုင်းပြင်ဆင်ခဲ့ကြသဖြင့် ပူးတွဲကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခု၏ ပုံရိပ်ကောင်းကို ဖော်ပြနိုင်ခဲ့ပါတယ်။ NSPNC ၏ ငြိမ်းချမ်းရေးမူဝါဒ၊ အဆိုပြုအစီအစဉ်များနှင့် 7 EAO Alliance ၏ ရည်မှန်းချက်၊ သဘောထားများကို ကျေကျေလည်လည် မေးမြန်းရှင်းလင်းနိုင်ခဲ့ကြသဖြင့် ရှေ့လုပ်ငန်းစဉ်များအတွက် များစွာအထောက်အကူဖြစ်စေကြောင်းနှင့် ဆွေးနွေးပွဲမှရရှိလာတဲ့ ရလဒ်များကို မကြာမီကျင်းပမည့် 7 EAO Alliance ၏ ဦးဆောင်အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ကာ လမ်းညွှန်ချက်များနှင့်အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးချက်တွင်ဖော်ပြထားပါတယ်။ ဗိုလ်မှူးကြီး စိုင်းငင်းက 7 EAO Alliance ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ရည်မှန်းချက် ၃ ရပ်ဖြစ်တဲ့ လက်ရှိ အခြေအနေနှင့်အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်ရေး၊ ပါဝင်သင့်ပါဝင်ထိုက်သော အဖွဲ့အစည်းများ ပါဝင်လာစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 7 EAO Alliance တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထဲမှ ၇ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ (NVS 004)

11 Jun

ADVERTISE HERE .