“တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းနှင့်ပတ်သက်တဲ့ အွန်လိုင်းလိမ်လည်မှုများ သတိပြုရန်အသိပေး”

11 Jun

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထွက်ရှိရန် နီးကပ်လာချိန်တွင် လူမှုကွန်ရက်စာမျက်နှာများ၌ “အောင်စာရင်းကြိုသိပေးမည်”၊ “စာမေးပွဲအောင်အောင် လုပ်ပေးမည်”၊ “ဂုဏ်ထူးရအောင် ကူညီပေးမည်” စတဲ့ စာသားများနဲ့ ခုံအမှတ်များတောင်းယူကာ ငွေကြေးလိမ်လည်တောင်းခံမှုများ ဖြစ်ပွားနိုင်သဖြင့် မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အထူးသတိပြုကြရန် လိုအပ်ကြောင်း အသိပေးထားပါတယ်။ ဒါ့အပြင် အချို့သော လိမ်လည်သူများက အကောင့်တုများအသုံးပြု၍ “ကြည့်ပေးတာ မှန်ကန်သည်” ဟု အချင်းချင်းထောက်ခံရေးသားကာ ယုံကြည်မှုရရှိစေရန် စနစ်တကျဆောင်ရွက်လေ့ရှိကြောင်း သိရပါတယ်။ စာစစ်ဦးစီးဌာနအနေနဲ့ မည်သည့်အောင်စာရင်းကြည့် Application ကိုမျှ တရားဝင်ထုတ်ပြန်ထားခြင်း မရှိကြောင်းနှင့် ပြင်ပ Application များအသုံးပြုခြင်းက ကိုယ်ရေးအချက်အလက်လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်ကြောင်း သတိပေး ထားပါတယ်။ အောင်စာရင်းများကို တရားဝင် Website များမှသာ ထုတ်ပြန်ပေးမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ များအနေနဲ့ မိမိတို့၏ ခုံအမှတ်ဖြင့် တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်ရန် result.dme.gov.mm ဝက်ဘ်ဆိုက်မှာ လွှင့်တင် ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောင်စာရင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို တရားဝင် Website များမှသာ စောင့်ကြည့်ကြရန်နှင့် အွန်လိုင်းပေါ်ရှိ မသမာသူများ၏ လိမ်လည်မှုများကို သတိပြုကြရန် တိုက်တွန်းထားပါတယ်။ (NVS 004)

11 Jun

ADVERTISE HERE .