“ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်(SSBU)တည်ထောင်ခြင်း (၁၀) နှစ်ပြည့်အထိမ်းအမှတ်ပွဲကျင်းပမည်”
11 Jun
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddhist University – SSBU) တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်များအတွင်း ဗုဒ္ဓဘာသာဆိုင်ရာ ရာပြည့်လာစာတမ်းဖတ်ပွဲများနှင့် ဘာသာရေးအခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဆယ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မည့် ဗုဒ္ဓဘာသာဆိုင်ရာ အခမ်းအနားအစီအစဉ် များမှာ ဇူလိုင်လ ၃ ရက် မှ ၅ ရက်အထိ ဝိသုံဂါမသိမ်တော်ရေစက်ချပွဲနှင့်အတူ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲနှင့် ဗုဒ္ဓစာပေမဟာဗျူဟာဆိုင်ရာ ညီလာခံစာတမ်းဖတ်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၂၆ ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်မှာ ကထိကဆရာတော်များ လေးထပ်ကျောင်းဆောင် ရေစက်ချပွဲ နှင့်အတူ One-day MPhil students seminar ကို ကျင်းပမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၉ ရက်မှ ၂၁ ရက်မှာတော့ အောက်စဖို့ဒ်ဆရာတော်၏ သက်တော် ၆၂ နှစ်ပြည့် မွေးနေ့ဝိဇာတမင်္ဂလာ၊ ကထိန်အလှူနှင့်အတူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓစာပေညီလာခံစာတမ်းဖတ်ပွဲကို ကျင်းပမှာဖြစ်ပါတယ်။ ၂၀၂၇ ဖေဖော်ဝါရီလ ၅ ရက်မှ ၇ ရက်မှာ KBZ ဘွဲ့နှင်း သဘင်နှင့်သံဃာ့ရုံးခန်းများအဆောက်အအုံရေစက်ချပွဲနှင့်အတူ ဒုတိယအကြိမ်ဘွဲ့နှင်းသဘင်နှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓစာပေညီလာခံစာတမ်းဖတ်ပွဲကို ကျင်းပသွားမယ်လို့ သိရပါတယ်။ (NVS 004)