“မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး (၇၆) နှစ်ပြည့်အထိမ်းအမှတ် တရုတ်ရုပ်ရှင်သတင်းပတ်ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်ဇနီး တက်ရောက်”

09 Jun

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သတင်းပတ်ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက်က နေပြည်တော်ရှိ Ocean Centre၊ Cinema Cineplex 2 မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် China Media Group တို့က ကြီးမှူးကျင်းပခဲ့ပြီး Foreign Affairs Film and Media Corporation က ပံ့ပိုးကူညီခဲ့ခြင်းဖြစ်ပါတယ်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး၊ ဒုတိယသမ္မတ (၂) ဒေါ်နန်းနီနီအေး၊ လွှတ်တော်ဥက္ကဋ္ဌများနှင့်ဇနီးများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ တပ်မတော် အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia နှင့် ဧည့်သည်တော်များအပါအဝင် ဖိတ်ကြားထားသူ စုစုပေါင်း ၂၅၂ ဦး တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ် မှတ်တမ်းတင်လက်မှတ်ရေးထိုးဘုတ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါတယ်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက “မေတ္တာစမ်းရေ” အမည်ရှိ တရုတ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါ ရုပ်ရှင်သတင်းပတ် ကျင်းပခြင်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာ စေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

09 Jun

ADVERTISE HERE .