“သထုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်နေ”

09 Jun

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ သထုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပြန်လည်လည်ပတ်နိုင်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါစက်ရုံကို လာမည့်ဩဂုတ်လအတွင်း ပြန်လည်လည်ပတ်နိုင်ရန် ရည်မှန်းဆောင်ရွက်နေပြီး အပြည့်အဝလည်ပတ်နိုင်ပါက လျှပ်စစ်ဓာတ်အား ၁၁၈ ဒသမ ၉ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ သထုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ရေနွေးငွေ့တာဘိုင် (Steam Turbine) တစ်လုံးနှင့် ဂတ်စ်တာဘိုင် (Gas Turbine) နှစ်လုံး တပ်ဆင်ထားပြီး ရေနွေးငွေ့တာဘိုင်ကို ပြုပြင်ထိန်းသိမ်းမှုများ ပြီးစီးထားကြောင်း သိရပါတယ်။ လက်ရှိမှာ စက်ရုံပြန်လည်လည်ပတ်နိုင်ရေးအတွက် ဂတ်စ်တာဘိုင်တစ်လုံးကို တရုတ်နိုင်ငံ၌ ပြင်ဆင်နေပြီး ယင်းပြုပြင်မှုလုပ်ငန်းများကို ဩဂုတ်လအတွင်း အပြီးသတ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကျန်ရှိတဲ့ ဂတ်စ်တာဘိုင် တစ်လုံးကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ် ဒီဇင်ဘာလအတွင်း စက်ရုံသို့ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ မွန်ပြည်နယ်အတွင်း ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားများကို မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်ပြီးနောက် ပြည်နယ်အတွက် သတ်မှတ်ခွဲတမ်းအတိုင်း ပြန်လည်ခွဲဝေဖြန့်ဖြူးပေးလျက်ရှိကြောင်းလည်း သိရပါတယ်။ (NVS 004)

09 Jun

ADVERTISE HERE .