“တရုတ်က မြောက်ကိုရီးယားအတွက် အကူအညီများကို အယိမ်းမယိုင်ဆက်လက်ပေးမည်ဟု ရှီကျင့်ဖျင် ပြော”

09 Jun

တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံသို့ပေးထားသည့် ကတိကဝတ်များကို ရှောင်လွှဲသွားမည် မဟုတ်ဘဲ မြောက်ကိုရီးယားနိုင်ငံအတွက် အကူအညီများကို မယိမ်းမယိုင်ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က မြောက်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေစဉ် ပြောသည်။ တရုတ်သမ္မတရှီကျင့်ဖျင်သည် မြောက်ကိုရီးယားနိုင်ငံသို့ ရှားရှားပါးပါးခရီးစဉ်အဖြစ် ဇွန်လ ၈ ရက်မှ ၉ ရက် အထိရောက်ရှိလာခြင်းဖြစ်သည်။ ယခုခရီးစဉ်က ရှီကျင့်ဖျင် အတွက် ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးပြည်ပခရီးစဉ် ဖြစ်သည့်အပြင် ခြောက်နှစ်ကျော်ကာလအတွင်း မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးလာရောက်ခြင်းလည်း ဖြစ်သည်။ တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံစလုံး၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးစီးပွားများကို ခိုင်ခိုင်မာမာကာကွယ် သွားရမည် ဖြစ်ကြောင်း ရှီကျင့်ဖျင် က မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်နှင့်တွေ့ဆုံဆွေးနွေးစဉ် ပြောသည်။ ထို့ပြင် နိုင်ငံတကာအခြေအနေများသည် မည်သို့ပင်ဖြစ်စေကာမူ တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုကို လွန်စွာတန်ဖိုးထားရှိသည်ဟု ရှီကျင့်ဖျင်ကပြောကြောင်း AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။

09 Jun

ADVERTISE HERE .