“ရှေးဟောင်းဝတ္ထုပစ္စည်း လာရောက်အပ်နှံခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေ ကျပ်သိန်း ၅၄၀ ကျော်ချီးမြှင့်”
06 Jun
ရှေးဟောင်းဝတ္ထုပစ္စည်းများဖြစ်သည့် ပျူခေတ်ငွေဒင်္ဂါး ၃၃၃ ပြားနှင့် ကုန်းဘောင်ခေတ်ဒင်္ဂါး ၃၂၈ ပြား အပ်နှံခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေအဖြစ် ကျပ်သိန်း ၅၄၀ ကျော် ပြန်လည်ချီးမြှင့်ပေးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရပါတယ်။ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် မိုးဖုံးအုပ်စု ဗဟန်းကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝရဉာဏ က ကုန်းဘောင်ခေတ် သတ္တုစပ်ဒင်္ဂါး ၃၂၈ ပြားကို လာရောက်အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေ ကျပ် ၅၆ သိန်းကျော်နှင့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှ ဦးဝင်းကိုကိုမောင် က ပျူခေတ်ငွေဒင်္ဂါး ၃၃၃ ပြားကို လာရောက်အပ်နှံခဲ့ခြင်းအတွက် ကာလတန်ဖိုး၊ ခေတ်ကာလဆုကြေး၊ ခေတ်လက်ရာဆုကြေးနှင့် ရှားပါးလက်ရာ ထပ်ဆောင်းဆုကြေးများအပါအဝင် စုစုပေါင်းဆုကြေးငွေ ကျပ် ၄၈၅ သိန်းကျော် စုစုပေါင်းငွေကျပ် သိန်းပေါင်း ၅၄၀ ကျော်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ် ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲကို ဇွန်လ ၄ ရက်က အမျိုးသားပြတိုက်(နေပြည်တော်)တွင် ကျင်းပခဲ့ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံသူများ တက်ရောက်ခဲ့ ကြပါတယ်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ရွှေ၊ ငွေ၊ ကြေးနှင့် အခြားရှေးဟောင်းဝတ္ထုပစ္စည်း စုစုပေါင်း ၃၃,၆၁၅ ခုအား လာရောက်အပ်နှံခဲ့သူ ၄၅၉ ဦးကို ဆုကြေးငွေစုစုပေါင်း ကျပ်သိန်းပေါင်း ၅,၉၈၆ ကျော် ပြန်လည်ပေးအပ်ချီးမြှင့်ပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။(NVS 004)