“ယူကရိန်းသမ္မတအနေဖြင့် ဆွေးနွေးပွဲအတွက် ရုရှားသို့အချိန်မရွေးလာနိုင်ဟု ရုရှားသမ္မတရုံးထုတ်ပြန်”
06 Jun
ယူကရိန်းသမ္မတ ဗိုလိုဒိုမာဇီလန်စကီ အနေဖြင့် ဆွေးနွေးပွဲများပြုလုပ်လိုပါက မည်သည့်အချိန်မဆို မော်စကိုမြို့သို့လာနိုင်ကြောင်း ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ က ဇွန်လ ၄ ရက်တွင် ပြောသည်။ ဇီလန်စကီ သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုဆွေးနွေးရန် ဥရောပနှင့် အမေရိကန်တို့ပါဝင်မည့် ရုရှားသမ္မတဗလာ ဒီမာပူတင်နှင့် မျက်နှာချင်းဆိုင်ဆွေးနွေးပွဲ ပြုလုပ်ရေးအတွက် အဆိုပြုထားသည့် အိတ်ဖွင့် ပေးစာတစ်စောင်ကို ဇွန်လ ၄ ရက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ကြား တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုကနေတစ်ဆင့် ဒီစစ်ပွဲကိုအဆုံးသတ်ဖို့ ယူကရိန်းက အဆိုပြုပါတယ်" ဟု ဇီလန်စကီ က အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။ ထို့ပြင် ဇီလန်စကီ သည် တွေ့ဆုံပွဲ အတွက် တိကျသောရက်စွဲတစ်ခု သတ်မှတ်ရန်တောင်းဆိုပြီး ဆွေးနွေးပွဲကျင်းပစဉ်ကာလအတွင်း ယူကရိန်း အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို အပြည့်အဝလုပ်ဆောင်ရန် အသင့်ရှိနေကြောင်း ပြောသည်။ ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ က ၎င်းတို့အနေဖြင့် ဇီလန်စကီ ၏ပေးစာကို သုံးသပ်ပြီးဖြစ်ကာ သမ္မတ ပူတင် ၏ လုပ်ငန်းခွင်အစည်းအဝေးအပြီးတွင် တင်ပြပေးမည်ဖြစ်ကြောင်း ပြော ထားသည်။