“အီရန်ရေတပ်က အမေရိကန်စစ်သင်္ဘောကို သတိပေးဒုံးကျည်များ ဒရုန်းများဖြင့်ပစ်ခတ်”
06 Jun
အမေရိကန်ရေတပ်သည် အပြည်ပြည်ဆိုင်ရာရေကြောင်းသွားလာမှုကို နှောင့်ယှက်နေပြီး ကုန်တင် သင်္ဘောများနှင့် ရေနံတင်သင်္ဘောများကို သိမ်းဆည်းနေသည်ဟုဆိုကာ အီရန်စစ်ဘက်က အိုမန်ပင်လယ်ကွေ့ အတွင်းရှိ အမေရိကန်စစ်သင်္ဘောများဆီသို့ သတိပေးဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ကြောင်း အီရန်ရေတပ် က ဇွန်လ ၅ ရက်တွင်ထုတ်ပြန်ထားသည်။ ထိုဖြစ်စဉ်မတိုင်မီ အမေရိကန် အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်က အမေရိကန်တပ်ဖွဲ့များသည် ပိတ်ဆို့မှုကို ခံထားရပြီး နိုင်ငံမဲ့သင်္ဘောတစ်စင်းဖြစ်သည့် M/T DAVINA အမည်ရှိ ရေနံတင်သင်္ဘောကို အိန္ဒိယသမုဒ္ဒရာအတွင်း ကြားဖြတ်ဖမ်းဆီးကြောင်း ထုတ်ပြန်ထားသည်။ အမေရိကန်အစိုးရသည် အီရန်နိုင်ငံ၏ ရေနံတင်ပို့မှုအပေါ် ပိတ်ဆို့အရေးယူမှုများ တင်းကျပ်စွာ လုပ်ဆောင်နေပြီး တီဟီရန်အစိုးရကလည်း ဟော်မုရေလက်ကြား၌ သင်္ဘောသွားလာမှုများကို အကြိမ်ကြိမ် ခြိမ်းခြောက်နေချိန်တွင် ယခုကဲ့သို့ အပြန်အလှန်တုံ့ပြန်မှုများသည် အီရန်၏ပတ်ဝန်းကျင်ရှိ ရေကြောင်းလုံခြုံရေး ဆိုင်ရာ တင်းမာမှုများကို ပိုမိုမြင့်တက်လာစေကြောင်းသိရသည်။