“ကချင်ပြည်နယ်အတွင်း မီးရထားလမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းများကို ဇူလိုင်လအတွင်း အပြီးဆောင်ရွက်မည်”
05 Jun
မြန်မာ့မီးရထားအနေနဲ့ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း၊ မိုးကောင်း-မြစ်ကြီးနား ခရီးစဉ် ဆက်လက်တိုးချဲ့ပြေးဆွဲနိုင်ရန် လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းများကို လာမည့်ဇူလိုင်လအတွင်း အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရပါတယ်။ အဆိုပါခရီးစဉ်အားတိုးချဲ့ပြေးဆွဲနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထား ခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေးနှင့် ရထားလမ်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၄ ရက်က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါမီးရထားလမ်းပိုင်းဆောင်ရွက်ပြီးစီးပါက မိုးညှင်း-မြစ်ကြီးနား၊ မြစ်ကြီးနား-မိုးညှင်း ရထား ပြေးဆွဲနိုင်ရေး မြင်းကောင်ရေ ၁,၃၀၀ အား စက်ခေါင်း၊ မြင်းကောင်ရေ ၂,၀၀၀ အား စက်ခေါင်းများဖြင့် ပြေးဆွဲပေး သွားမှာဖြစ်ပြီး လူစီးတွဲများကိုလည်း Auto Coupler တွဲဆိုင်းများဖြင့်ပြေးဆွဲသွားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက် ထားရှိကြောင်း သိရပါတယ်။ မီးရထားတစ်စင်းလျှင် ရိုးရိုးတန်း လူစီးတွဲ လေးတွဲ၊ အထက်တန်း လူစီးတွဲ တစ်တွဲ၊ ကုန်တင်ဘရိတ်တွဲ တစ်တွဲ စတဲ့ တွဲဆိုင်းများဖြင့် ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ မိုးကောင်း-မိုးညှင်း လမ်းပိုင်း ရထားလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရထားလမ်းမိုင် ၅၂ ဒသမ ၂၅ မိုင် ရှိသည့်အနက် လမ်းပိုင်းပြုပြင်ပြီးစီးမှု ၃၉ မိုင်၊ ရာခိုင်နှုန်းအားဖြင့် ၇၄ ဒသမ ၆၄ ရာခိုင်နှုန်းပြီးစီး၍ ရထားလမ်းပိုင်းအတွင်းရှိ ဘူတာရှစ်ဘူတာ ပြီးစီးလျက်ရှိကာ လာမယ်ဇူလိုင်လအတွင်း အပြီးသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)