“မြန်မာနိုင်ငံထွက် ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့တင်ပို့မည်”
05 Jun
မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ ဒူးရင်းသီးများကို ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ တရုတ်နိုင်ငံသည် ဒူးရင်းသီးဝယ်လိုအားအမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်သည့်အတွက် မြန်မာ့ဒူးရင်းသီးကို တင်ပို့ပြီး ခိုင်မာသည့် ပြည်ပဈေးကွက်ရရှိအောင် မျှော်မှန်းထားလျက်ရှိပါတယ်။ လက်ရှိတွင် မြန်မာ့ဒူးရင်းသီးက ပြည်တွင်းစားသုံးမှုသာအဓိကရှိပြီး ဈေးနှုန်းအနေနဲ့ အသီး အရည်အသွေးပေါ် မူတည်၍ တစ်ကီလိုလျှင် ၆၀,၀၀၀ ကျပ်အထိ အမြင့်ဆုံးပေါက်ဈေးရှိကာ အလုံးလိုက် သိန်းဂဏန်းအထိ ဈေးအသီးသီး ရှိကြောင်း သိရပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနမှအနေနဲ့ မြန်မာ့ဒူးရင်းသီးကို အလုံးလိုက်ရောင်းချခြင်း၊ ခွဲပြီးဒူးရင်းသီးအသားကို ရောင်းချခြင်းအပြင် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက်လည်း ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ ကို ဖိတ်ခေါ်သွားရန် ပြင်ဆင်လျက်ရှိနေပါတယ်။ ဒူးရင်းသီးကို မြန်မာနိုင်ငံ တောင်ဘက်ပိုင်းဒေသများဖြစ်သည့် မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင် အများအပြားစိုက်ပျိုးဖြစ်ထွန်းပြီး စုစုပေါင်းစိုက်ပျိုးဧကအနေနဲ့ သောင်းကျော်အထိ ရှိပါတယ်။ မြန်မာနိုင်ငံတွင် ဒူးရင်းသီးသည် ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသများအပါအဝင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာတို့တွင် အဓိကစိုက်ပျိုး ဖြစ်ထွန်းမှုရှိကြောင်း သိရပါတယ်။ (NVS-004)