“အမေရိကန်အောက်လွှတ်တော်က ဆုံးဖြတ်ချက်ကို ပထမဆုံးအကြိမ် အတည်ပြု၊ အီရန်စစ်ရေး အဆုံးသတ်ရန် ထရမ့် အားတောင်းဆို”

05 Jun

အမေရိကန်အောက်လွှတ်တော်က ဇွန်လ ၃ ရက်တွင် သမ္မတ၏ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ် သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများကို အဆုံးသတ်ရန်နှင့် နောင်တွင် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများ မလုပ်ဆောင်မီ လွှတ်တော်၏ခွင့်ပြုချက်ကို မဖြစ်မနေရယူရန် တောင်းဆိုခဲ့သည်။ အမေရိကန်သည် ဖေဖော်ဝါရီလကုန်တွင် အစ္စရေးနှင့်ပူးတွဲ၍ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် ခဲ့ချိန်မှစ၍ ယင်းသည် သမ္မတ၏ စစ်ပွဲဆိုင်ရာလုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်သည့် ဆုံးဖြတ်ချက်မူကြမ်းနှင့် စပ်လျဉ်း၍ အောက်လွှတ်တော်၏ လေးကြိမ်မြောက် မဲခွဲဆုံးဖြတ်ခြင်းဖြစ်သလို အောက်လွှတ်တော်က သက်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ပထမအကြိမ်အတည်ပြုခြင်းလည်း ဖြစ်သည်။ ထိုနေ့တွင် အောက်လွှတ်တော်၌ အမည်ခေါ် မဲခွဲဆုံးဖြတ်မှုရလဒ်မှာ ထောက်ခံမဲ ၂၁၅ မဲနှင့် ကန့်ကွက်မဲ ၂၀၈ မဲဖြစ်သည်။ ရီပက်ဘလစ်ကန် အောက်လွှတ်တော်အမတ် ၄ ဦးနှင့် ဒီမိုကရက်များက ဆုံးဖြတ်ချက်ကို ထောက်ခံမဲ အတူတကွပေးခဲ့ကြသည်။ အမေရိကန် CNN စသည့် မီဒီယာများ၏အဆိုအရ ဤဆုံးဖြတ်ချက်သည် လွှတ်တော်နှစ်ရပ်လုံး၏ ဘုံ ဆုံးဖြတ်ချက်ဖြစ်ပြီး လွှတ်တော်နှစ်ရပ်လုံးက တညီတညွတ်တည်း အတည်ပြုမှသာ အသက်ဝင်လာမည်ဖြစ်ကြောင်း သိရသည်။ ဘုံဆုံးဖြတ်ချက်သည် သမ္မတ၏ လက်မှတ်ထိုးရန် မလိုအပ်သလို သမ္မတတွင်လည်း ဗီတိုအာဏာ မရှိကြောင်း၊ သို့သော် အထက်လွှတ်တော်ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ ထိုဘုံဆုံးဖြတ်ချက်သည် တရားဥပဒေအရ သက်ရောက်မှုမရှိကြောင်း သိရသည်။ ထို့ကြောင့် ဤဆုံးဖြတ်ချက် အတည်ပြုမှုရရှိခြင်းသည် ပို၍ပြယုဂ်ဆန်ပြီး ထရမ့်၏ စစ်ရေးမဟာဗျူဟာများ အပေါ် မကျေနပ်မှုကိုလည်း ထင်ဟပ်စေသည်ဟု အချို့မီဒီယာများက ထောက်ပြခဲ့သည်။ လက်ရှိတွင် လွှတ်တော်နှစ်ရပ်လုံးတွင် ရီပက်ဘလစ်ကန်များက အနည်းငယ်အားသာနေသည်။ The Hill ၏ သတင်းဖော်ပြချက်အရ ဒီမိုကရက်များသည် အထက်လွှတ်တော်တွင် ပူးတွဲဆုံးဖြတ်ချက်တစ်ရပ်ကို တွန်းအားပေး ဆောင်ရွက်နေပြီး ရီပက်ဘလစ်ကန်အနည်းငယ်ကလည်း သက်ဆိုင်ရာမဲပေးသည့် လုပ်ငန်းစဉ်များတွင် ဘက်ပြောင်း မှုရှိနေသော်လည်း အထက်လွှတ်တော်သည် ဤဆုံးဖြတ်ချက်အပေါ် နောက်ဆုံးမဲပေးမှု မပြုလုပ်ရသေးကြောင်း၊ အကယ်၍ ပူးတွဲဆုံးဖြတ်ချက်အား အတည်ပြုပါက ဥပဒေအရ သက်ရောက်မှုရှိမည်ဖြစ်သော်လည်း ထရမ့်က ဗီတိုအာဏာသုံးမည်ဟု ခန့်မှန်းရကြောင်း သိရသည်။ (Repost from Xinhua)

05 Jun

ADVERTISE HERE .