“တောင်ကိုရီးယား ဒေသန္တရရွေးကောက်ပွဲတွင် အာဏာရပါတီအနိုင်ရရှိရန် သေချာသလောက်ဖြစ်ဟု တောင်ကိုရီးယားမီဒီယာဆို”
05 Jun
ကနဦးမဲရေတွက်မှုများအရ တောင်ကိုရီးယားနိုင်ငံ အာဏာရပါတီ ဒီမိုကရက်တစ်ပါတီသည် ဇွန်လ ၃ ရက်က ကျင်းပသော နဝမအကြိမ်မြောက် ဒေသန္တရရွေးကောက်ပွဲတွင် အနိုင်ရရှိရန် သေချာသလောက်ဖြစ်ပြီး ပြည်နယ်၊ မြို့၊ ခရိုင်နှင့် ဒေသ စသည့် အစိုးရအဆင့်အသီးသီး၏ အုပ်ချုပ်ရေးမှူးရာထူးအများစုကို ရရှိခဲ့ကြောင်း Yonhap သတင်းဌာန၏ ဇွန်လ ၄ ရက် သတင်းဖော်ပြချက်အရ သိရသည်။ ဇွန်လ ၄ ရက် နံနက်အစောပိုင်းအထိ ယခုအကြိမ် ရွေးကောက်တင်မြှောက်သော ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့တော်ဝန်ရာထူးနေရာ ၁၆ ခုအနက် ဒီမိုကရက်တစ်ပါတီသည် Gyeonggi ပြည်နယ်နှင့် Incheon မြို့အပါအဝင် နေရာ ၁၃ ခုတွင် အနိုင်ရရှိခဲ့ သို့မဟုတ် ဦးဆောင်နေဆဲဖြစ်ကြောင်း၊ အကြီးဆုံးအတိုက်အခံပါတီဖြစ်သော ပြည်သူ့ စွမ်းအားပါတီ(PPP) သည် Daegu မြို့၊ Gyeongsangbuk ပြည်နယ်နှင့် Gyeongsangnam ပြည်နယ် စသည့် နေရာ ၃ ခုတို့တွင်သာ အနိုင်ရရန်မျှော်လင့်ရကြောင်း သတင်းတွင်ဖော်ပြထားသည်။ အမတ်နေရာ ၁၄ နေရာအတွက် ကျင်းပသည့် လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဒီမိုကရက်တစ် ပါတီ ကိုယ်စားလှယ်လောင်းများက မဲဆန္ဒနယ်အများစုတွင် အရှေ့မှဦးဆောင်လျက်ရှိသည်။ ယခုအကြိမ် ဒေသန္တရ ရွေးကောက်ပွဲသည် လီဂျေမြောင်အစိုးရ တက်လာပြီးနောက် တစ်နှစ်အကြာတွင်ကျင်းပသော ပထမအကြိမ် တစ်နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲဖြစ်သည်။ တောင်ကိုရီးယားမီဒီယာများက ယခုအကြိမ်အနိုင်ရခြင်းနှင့်အတူ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာနှစ်ရပ်လုံးကို ရရှိခဲ့ပြီးနောက် အာဏာရပါတီသည် ဒေသန္တရအာဏာကို တစ်ဆင့်တိုးခိုင်မာစေပြီး အာဏာရသည့်ဒုတိယနှစ်တွင် ပိုမိုအားကောင်းသော မူဝါဒ၊ စီမံခန့်ခွဲရေး အရှိန်အဟုန်ကို ရရှိစေမည်ဖြစ်ကြောင်း၊ ရှုံးနိမ့်သွားသော PPP သည် တာဝန်ခွဲဝေမှုနှင့်ပတ်သက်သည့် အတွင်းပိုင်း ကွဲပြဲမှု အကျပ်အတည်းနှင့် ရင်ဆိုင်ရနိုင်ကြောင်း ထောက်ပြခဲ့ကြသည်။ တောင်ကိုရီးယား ဒေသန္တရရွေးကောက်ပွဲကို လေးနှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ကာ ပြည်နယ်၊ အထူးမြို့၊ မြို့ပြ ဒေသကြီးနှင့် မြို့၊ ခရိုင်၊ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ၏ အကြီးအကဲများအပါအဝင် ဒေသန္တရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အဆင့် အသီးသီးအတွက် ပညာရေးမှူးများ၊ ပညာရေးကောင်စီဝင်များနှင့် ဒေသန္တရလွှတ်တော်အမတ် များကို ရွေးချယ်တင်မြှောက်ကြခြင်းဖြစ်သည်။ (Repost from Xinhua)