“အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရန် အစ္စရေးနှင့် လက်ဘနွန် သဘောတူ”
05 Jun
အစ္စရေးနိုင်ငံနှင့် လက်ဘနွန်နိုင်ငံတို့သည် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရန် ဇွန်လ ၃ ရက်က သဘောတူခဲ့ကြကြောင်း ဝါရှင်တန်မြို့၌ သုံးနိုင်ငံတွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်ပြီးနောက် ဇွန်လ ၃ ရက်က ထုတ်ပြန်လိုက်သည့် ပူးတွဲကြေညာချက်အရ သိရသည်။ အဆိုပါ အပစ်အခတ်ရပ်စဲရေးတွင် ဟစ်ဇ်ဘိုလာ၏ ပစ်ခတ်မှုလုံးဝရပ်နားခြင်း၊ South Litani Sector နေရာမှ ဟစ်ဇ်ဘိုလာစစ်ဆင်ရေးများအားလုံး ရွှေ့ပြောင်းရေးစသည်တို့ပါဝင်ကြောင်း ယင်းနှစ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ အစ္စရေးနိုင်ငံနှင့် လက်ဘနွန်နိုင်ငံတို့က အီရန်ကျောထောက်နောက်ခံပြုထားသည့် ဟစ်ဇ်ဘိုလာ စစ်သွေးကြွ အဖွဲ့ကို ဖယ်ကြဉ်ထားမည့် လက်ဘနွန်တွင် ရှေ့ပြေးဇုန်များထားရှိရေး တိုးမြှင့်လုပ်ဆောင်ရန်လည်း သဘောတူ ခဲ့ကြသည်။ ထိုရှေ့ပြေးဇုန်များတွင် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များအားလုံးကို ချန်လှပ်ထားပြီး နယ်မြေ ပိုင်နက်ကို လက်ဘနွန်စစ်တပ်ကသာ အလုံးစုံထိန်းချုပ်မည်ဖြစ်ကြောင်း ဝါရှင်တန်မြို့ရှိ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ဇွန်လ ၂ ရက်နှင့် ၃ ရက်အထိ ပြုလုပ်ခဲ့သော အမေရိကန်ကြားဝင်စေ့စပ်ပေးသော စတုတ္ထအကြိမ် အဆင့်မြင့်ဆွေးနွေးပွဲမှ ထုတ်ပြန်ချက်အရ သိရသည်။ အစ္စရေးနှင့် လက်ဘနွန်ကြား အဆင့်မြင့်ဆွေးနွေးပွဲ ပဉ္စမအကြိမ်ကို ဘက်စုံသဘောတူညီချက်ရရှိရေး သုံးသပ်မှုဖြင့် ယခုလနှောင်းပိုင်းတွင် ကျင်းပရန်စီစဉ်ထားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Repost from Xinhua)