“ကမ္ဘာ့ဖလားပြိုင်ပွဲများမှာ ရေပြန်ဖြည့်နိုင်တဲ့ ရေဘူးများ ယူဆောင်ခွင့်ကို တားမြစ်ခဲ့တဲ့ FIFA”
05 Jun
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ဘေးကင်းလုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲများကျင်းပရာ အားကစားကွင်းများအတွင်းသို့ ရေပြန်ဖြည့်နိုင်သော ရေဘူးအလွတ်များ ယူဆောင်လာခြင်းကို တားမြစ်လိုက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။ FIFA က ပြီးခဲ့တဲ့လအတွင်း ထုတ်ပြန်ခဲ့တဲ့ တရားဝင်အားကစားကွင်း စည်းကမ်းချက်များမှာ ထွင်းဖောက် မြင်နိုင်ပြီး ပြန်လည်အသုံးပြုနိုင်သော ၁ လီတာဆံ့ ပလတ်စတစ်ဘူးအလွတ်များကို အားကစားကွင်းအတွင်း ယူဆောင်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အခုအချိန်မှာတော့ ၎င်းစည်းမျဉ်းများကို ပြင်ဆင်ခဲ့ပြီး ပြန်လည်အသုံးပြု နိုင်သော ရေဘူးများကို အားကစားကွင်းအတွင်း ယူဆောင်လာခွင့်မပြုတော့တာဖြစ်ပါတယ်။ FIFA အနေနဲ့ ကစားသမားများ၊ ဒိုင်လူကြီးများ၊ ပရိသတ်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဝန်ထမ်းများအားလုံး၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို အကာအကွယ်ပေးရန် ကတိကဝတ်ပြုထားကြောင်းလည်း သတင်းထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ (NVS 008)