“ရန်သူ၏ပေါင်းစပ်စစ်ပွဲနှင့် ရင်ဆိုင်နေရချိန်တွင် ပြည်သူများစည်းလုံးညီညွတ်ရန် အီရန်ခေါင်းဆောင် တိုက်တွန်း”

05 Jun

နိုင်ငံသည် ရန်သူ၏ပေါင်းစပ်စစ်ပွဲကို ရင်ဆိုင်နေရချိန်၌ ပြည်သူများအနေဖြင့် စည်းလုံးညီညွတ်ရန် အီရန် ခေါင်းဆောင် မိုဂျတာဘာခါမေနီက ဇွန်လ ၄ ရက်တွင် တိုက်တွန်းလိုက်ကြောင်းသိရသည်။ အီရန်နိုင်ငံကို တည်ထောင်သူဖြစ်သည့် အယာတိုလာရူဟိုလာခိုမေနီ ကွယ်လွန်ခြင်း ၃၇ နှစ်မြောက်အထိမ်းအမှတ်နေ့တွင် ထုတ်ပြန်သည့်သဝဏ်လွှာ၌ ၎င်းက ထည့်သွင်းပြောခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံဦးဆောင်သော ကမ္ဘာ့ အင်အားကြီးနိုင်ငံများသည် ခိုင်မာမှုရှိပြီး လွတ်လပ်သောအီရန်နိုင်ငံတည်ရှိနေမှုကို လက်မခံဘဲ နိုင်ငံတိုးတက်မှု လမ်းကြောင်းကို အဟန့်အတားလုပ်နေကြောင်း ခါမေနီ က ပြောသည်။ ထို့ပြင် စစ်မြေပြင်၌ အီရန် တပ်မတော်၏ ချေမှုန်းမှုကိုခံထားရသောရန်သူသည် လက်ရှိတွင် သိက္ခာကျဆင်းမှုနှင့်ကြုံတွေ့နေစဉ် အခြားနိုင်ငံများကပါ ၎င်းတို့နှင့်ကင်းကွာအောင် လုပ်ဆောင်လာလျက်ရှိကြောင်း ၎င်းကဆက်ပြောသည်။ အလားတူ ရန်သူများ အဓိကအသုံးပြုလျက်ရှိသော လက်နက်မှာ အီရန်ပြည်သူများကြားတွင် သံသယစိတ်၊ စိတ်ပျက်အားလျော့မှု၊ ကြောက်ရွံ့မှုနှင့် သွေးခွဲမှုများကို ပျိုးထောင်ရန်ဖြစ်ပြီး ပြည်သူများအနေဖြင့် ကြံ့ကြံ့ခံမှု၊ အမြော်အမြင်ရှိမှု၊ အပြန်အလှန်ယုံကြည်မှုတို့ဖြင့် ထိုလုပ်ရပ်များကိုရိုက်ချိုးရန် ၎င်းကတိုက်တွန်းထားသည်။ ထို့အတူ ပြည်သူများစိတ်ပျက်အားလျော့စေမည့် မည်သည့်လုပ်ရပ်မဆိုသည် ရန်သူကိုကူညီရာရောက်သဖြင့် အီရန်တာဝန်ရှိသူများက စည်းလုံးမှုပျက်ပြားစေမည့် အပြုအမူမျိုးမလုပ်ဆောင်ရန် အလေးအနက်သတိပေးထား သည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

05 Jun

ADVERTISE HERE .