“ရန်ကုန်ဆေးရုံကြီးမှာ နွမ်းပါးလူနာရှင်များနှင့် ရုပ်အလောင်းသယ်ဆောင်ရန် အခက်အခဲဖြစ်နေသူများအတွက် ပရဟိတအသင်းများ ပူးပေါင်းဆောင်ရွက်မည်”
05 Jun
လူနာတင်ယာဉ်များနဲ့ အခကြေးငွေအမြောက်အမြား တောင်းခံခြင်းနှင့် အလွဲသုံးစားပြုမူ ခြင်းများကို ထိရောက်စွာဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်ဆေးရုံကြီးမှာ ပရဟိတအသင်းများစုပေါင်း၍ လူနာရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးမည့် အစီအစဉ်ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါတယ်။ နွမ်းပါးလူနာရှင်များနှင့် ရုပ်အလောင်းသယ်ဆောင်ရန် အခက်အခဲဖြစ်နေသူများအတွက် ရွှေမေတ္တာလူမှု ကူညီရေးအသင်းနှင့် ပရဟိတမောင်နှမများ စုပေါင်း၍ အခကြေးငွေမဲ့ (သို့မဟုတ်) သဒ္ဓါကြေးဖြင့်သာ ကူညီပေးမည့် ပရဟိတအသင်းများ၏ စာရင်းနှင့် ဖုန်းနံပါတ်များကို လူနာရှင်များ မြင်သာစေရန် ရန်ကုန်ဆေးရုံကြီးမှာ ဗီနိုင်း (Vinyl) ချိတ်ဆွဲထားရှိမှာ ဖြစ်ပါတယ်။ လူနာတင်ယာဉ်အသုံးပြုရာမှာ မပြေလည်မှုများ၊ အခက်အခဲများကြုံတွေ့ရပါက သက်ဆိုင်ရာအသင်း အမည်နှင့်တကွ တိုက်ရိုက်ဆက်သွယ်ညှိနှိုင်း တိုင်ကြားနိုင်မှာဖြစ်ပြီး အမှန်တကယ်ကူညီပေးနိုင်တဲ့ ပရဟိတအသင်း များအနေနဲ့ အစီအစဉ်တွင် ပါဝင်ရန် စာရင်းပေးပို့နိုင်ကြောင်း သိရပါတယ်။ အဆိုပါလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင် လိုသော အသင်းအဖွဲ့များအနေနဲ့ ရန်ကုန်ဆေးရုံအုပ်ကြီးနှင့် လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးသို့ တိုက်ရိုက် ဆက်သွယ်စာရင်းပေးပို့နိုင်ကြောင်း အသိပေးထားပါတယ်။ (NVS 004)