“ရန်ကုန်မြို့မှာ အပူဒဏ်အန္တရာယ် ကာကွယ်ရေး လူထုအသိပညာပေး လှုပ်ရှားမှုပြုလုပ်”
05 Jun
ကမ္ဘာလုံးဆိုင်ရာ အပူဒဏ်ခံနိုင်ရည်ရှိရေးလှုပ်ရှားမှုနေ့ (Heat Action Day) အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) က ဦးဆောင်၍ ရန်ကုန်မြို့ လူစည်ကားရာနေရာများမှာ လူထုအသိပညာပေး လှုပ်ရှားမှုများကို ဇွန်လ ၃ ရက်ကနေ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါလှုပ်ရှားမှုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကြက်ခြေနီ စေတနာလုပ်အားရှင်များက လမ်းသွားလမ်းလာ ပြည်သူများကို အပူလျှပ်ခြင်း (Heat Stroke) ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အပူလှိုင်းဆိုင်ရာ ဗဟုသုတမေးခွန်းများ မေးမြန်း၍ အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခြင်းနှင့်အတူ ရေသန့်ဗူး၊ အချိုရည်နှင့် မျက်နှာသုတ်ပုဝါငယ်များကို အခမဲ့ ပေးဝေခဲ့ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ယခုနှစ် (၅) ကြိမ်မြောက် Heat Action Day ၏ အဓိကဦးတည်ချက်မှာ "အိမ်တွင်းအပူရှိန်အန္တရာယ် (Indoor Heat)" ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုပြင်းထန်လာတဲ့ အပူလှိုင်းအန္တရာယ်များကို ပြည်သူများ ကြိုတင်သတိပြု ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)