“အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ တင်သွင်း”

04 Jun

ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲခဲ့တဲ့ အခန်းပေါင်း ၁၂ ခန်း၊ ပုဒ်မပေါင်း ၆၃ ခုပါရှိတဲ့ အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းကို ဇွန်လ ၃ ရက်မှာကျင်းပတဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဒုတိယနေ့မှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ မှ တင်သွင်းခဲ့ပါတယ်။ အွန်လိုင်းလိမ်လည်မှုများဟာ ဆက်သွယ်ရေးမှတစ်ဆင့် အင်တာနက်နှင့် နည်းပညာတို့ကို အသုံးပြုပြီး လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံမှ ငွေကြေးပိုင်းဆိုင်ရာပိုင်ဆိုင်မှု (သို့မဟုတ်) ကိုယ်ရေးအချက်အလက်များကို မရိုးဖြောင့်သောသဘောဖြင့် လှည့်ဖျားရယူတဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ ဥပဒေကြမ်းကို အွန်လိုင်းလိမ်လည်မှုများ မြန်မာနိုင်ငံအတွင်းမှာ လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ နယ်စပ်ဒေသများမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည်မှုဆိုင်ရာမှုခင်းများကို ကျူးလွန်ခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေခြင်းမှ ကာကွယ်ရန်နှင့် အွန်လိုင်းလိမ်လည်မှု မှုခင်းများကို အမြစ်ပြတ်ဖော်ထုတ် အရေးယူဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးဆောင်ရေး ဆွဲခဲ့တာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်မှာ တင်သွင်းထားရှိတဲ့ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က ပြင်ဆင်ချက်အဆို တင်သွင်းလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ပြင်ဆင်လိုတဲ့ အပိုဒ်၊ အပိုဒ်ခွဲအလိုက်ကို အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးကာ ဇွန်လ ၅ ရက် ညနေ ၄ နာရီထက် နောက်မကျဘဲ အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံသို့ အမည်စာရင်းတင်သွင်းရမှာဖြစ်ကြောင်းနှင့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန်လ ၈ ရက် နံနက် ၁၀ နာရီမှာကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)

04 Jun

ADVERTISE HERE .