“နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဂျဝါဟာလာနေရူးဆိပ်ကမ်းသို့ သွားရောက်လေ့လာ”
03 Junပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သည် ဇွန်လ ၂ ရက် နေ့လယ်ပိုင်းတွင် မွမ်ဘိုင်းမြို့ရှိ ဂျဝါဟာလာနေရူးဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့အား ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ဆိပ်ကမ်းဆိုင်ရာသမိုင်းကြောင်းနှင့် အချက်အလက်များ၊ အရှေ့တောင်အာရှနှင့် နိုင်ငံတကာနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိသော အိန္ဒိယနိုင်ငံ၏ အဓိကအကျဆုံး ဆိပ်ကမ်းတစ်ခုဖြစ်မှု အခြေအနေများ၊ ဆိပ်ကမ်းတွင် နည်းပညာမြင့်စက်ကိရိယာများ အသုံးပြုမှု၊ မြန်မာနိုင်ငံနှင့် စီးပွားရေးမိတ်ဖက်အဖြစ် ပင်လယ်ရေကြောင်း ကုန်သွယ်မှု၊ ဆိပ်ကမ်းဆိုင်ရာများကို ဆောင်ရွက်သွားနိုင်မှု၊ ဆိပ်ကမ်းကို အသုံးပြုနိုင်ခြင်းဖြင့် နိုင်ငံအတွက် စည်းကြပ် ခွန်များကို တိုးတက်ရှာဖွေပေးနိုင်ခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ယခုဆိပ်ကမ်းသို့ လာရောက်လေ့လာခဲ့ခြင်းသည် မိမိတို့ နိုင်ငံ၌ ဆိပ်ကမ်းတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပြီး ယခုဆိပ်ကမ်းသည် နိုင်ငံတကာ အဆင့်မီဆိပ်ကမ်းကြီး တစ်ခုဖြစ်၍ လာရောက်လေ့လာခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ နိုင်ငံပိုင်ဆိပ်ကမ်းများကို အဆင့်မြှင့်တင်နိုင်ရန် ယခုဆိပ်ကမ်းသို့လာရောက် လေ့လာခဲ့ခြင်းဖြစ်ကြောင်း၊ ရှင်းလင်းတင်ပြမှုများအရ ဆိပ်ကမ်း၏ စွမ်းဆောင်ရည် မြင့်မားသည်ကိုတွေ့ရပြီး Green Area နှင့် Green Energy များ ဆောင်ရွက်ထားမှုကိုလည်း လေ့လာတွေ့ရှိရကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုအခန်းကဏ္ဍ ပိုမိုတိုးတက်လာစေရေးအတွက် မိမိတို့နိုင်ငံ၏ ဆိပ်ကမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆိပ်ကမ်းပညာနှင့်ပတ်သက်၍ သင်တန်းများသင်ကြားပေးမည်ဆိုပါက သင်တန်းသားများကို စေလွှတ်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ အဆိုပါ ဂျဝါဟာလာနေရူးဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံ၊ မဟာရာရှ်ထရာပြည်နယ်၊ မွမ်ဘိုင်းမြို့၏ အရှေ့ဘက်၊ နာဗာရှီဗာဒေသတွင်တည်ရှိကာ ဆိပ်ကမ်း၏ကုန်သွယ်နိုင်မှုမှာ ကမ္ဘာ့အဆင့် ၂၃ ရှိပြီး အိန္ဒိယနိုင်ငံရှိ အဓိကကျသည့် ဆိပ်ကမ်း ၁၂ ခုအနက် အဆင့် ၁ ရှိသည့် အဆင့်မီဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။ အိန္ဒိယတစ်နိုင်ငံလုံး၏ ကွန်တိန်နာ သယ်ပို့မှု ၅၀ ရာခိုင်နှုန်းကို ယခုဆိပ်ကမ်းမှ သယ်ယူပို့ဆောင်ခြင်းဖြစ်ပြီး ယခုဆိပ်ကမ်းကြီးသည် အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှုကို အကောင်အထည်ဖော်ရာတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး အရှေ့တောင်အာရှ ဒေသနှင့် အဓိကဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 004)