အကြမ်းဖက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ရုရှားက ယူကရိန်းကိုတိုက်ခိုက်မှုပြုလုပ်
03 Jun
ရုရှားတပ်ဖွဲ့များသည် ယူကရိန်းတို့၏အကြမ်းဖက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် အကြီးစားတိုက်ခိုက်မှုများလုပ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဇွန်လ ၂ ရက်တွင်ထုတ်ပြန်ထားသည်။ အဆိုပါတိုက်ခိုက်မှုကို ဇွန်လ ၁ ရက် ညပိုင်း တွင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ကိယက်မြို့နှင့်အခြားသောဒေသများရှိ ကာကွယ်ရေး စက်မှုလုပ် ငန်းနေရာများကိုပစ်မှတ်ထားခြင်းဖြစ် ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အလားတူ အဆိုပါတိုက်ခိုက်မှုအတွင်း ယူကရိန်းတပ်ဖွဲ့များအသုံးပြုလျက်ရှိသော လောင်စာဆီနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာအခြေခံအဆောက်အဦများသာမက စစ်ဘက်လေယာဉ်ကွင်းများကိုလည်း ထိမှန် ကြောင်း ထုတ်ပြန်ချက်၌ ဆက်လက် ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုအတွင်း မြေပြင်နှင့်ရေပြင်အခြေပြု တိကျလက်နက်များကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလက်နက်များတွင် အသံနှုန်းလွန်ဒုံးကျည်များနှင့် ဒရုန်း များ ပါဝင်ကြောင်း၊ ရည်မှန်းထားသည့်ပစ်မှတ်များအားလုံးကို ထိမှန်အောင်ပစ်ခတ်နိုင်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနကပြောသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။