“မြန်မာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တွေ့ဆုံ”
02 Jun
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေရေးတို့နှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi တို့ ဇွန်လ ၁ ရက်မှာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Hyderabad House၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံစဉ်မှာ နိုင်ငံတော်သမ္မတနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့က ကုန်သွယ်ရေးနှင့် စီးပွားရေးအရ ဆက်ဆံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေးအကူအညီများနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန် ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာ-အိန္ဒိယဆွေးနွေးလျက်ရှိတဲ့ နားလည်မှုစာချွန်လွှာများ၏ အခြေအနေကို မှတ်သားထားပြီး အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရေး၊ နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပါက ဒေသတွင်း အပြန်အလှန် အကျိုးရှိစေမည့် စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေမည်ဖြစ်၍ ကုလားတန် မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေး လမ်းမကြီးတို့ အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က ၂၀၂၆ ခုနှစ်မှစတင်၍ မြန်မာကျောင်းသားများအတွက် မဲခေါင်-ဂင်္ဂါ ICCR ပညာသင်ဆုများကို လက်ရှိပေးအပ်လျက်ရှိသော ပညာသင်ဆု ၃၆ ခုမှ ပညာသင်ဆု ၁၀၀ အထိ တိုးမြှင့်ပေးမည်ဟု အသိပေးပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့က ရူပီး-ကျပ်ငွေပေးချေမှု စနစ်အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုကို ပိုမိုလွယ်ကူချောမွေ့စေရန်နှင့် တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးသဘောတူ ခဲ့ကြပြီး သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုးရေးအခြေခံကုန်ထုတ်လုပ်မှု၊ ရေနံ၊ စွမ်းအင်၊ သတ္တုတွင်းကဏ္ဍများကဲ့သို့ အပြန်အလှန်အကျိုးဖြစ်ထွန်းတဲ့ နယ်ပယ်များတွင်ပိုမိုနီးကပ်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အချုပ်အခြာအာဏာပိုင်နယ်မြေ တစ်ဖက်နိုင်ငံ၏ လုံခြုံရေးထိခိုက် နစ်နာစေမည့် မလျော်ကန်သောဆောင်ရွက်မှုများကို တားဆီးကာကွယ်ရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် အိန္ဒိယနိုင်ငံအနေနဲ့ ထောက်ခံကာ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် ခိုင်မာပြီးယုံကြည်စိတ်ချရသော မိတ်ဖက် နိုင်ငံအဖြစ် နှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရန် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဝန်ကြီးချုပ်က ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာဦးဆောင်သော ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကာ နှစ်နိုင်ငံကြား အပြန်အလှန်လေးစားမှုနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို အခြေခံ၍ ကူညီပံ့ပိုးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မြန်မာနိုင်ငံ၏ နယ်မြေကို အိန္ဒိယနိုင်ငံ၏ လုံခြုံရေး ထိခိုက်စေရန် အသုံးပြုခွင့်ပြုမည်မဟုတ်ဘဲ အိန္ဒိယနိုင်ငံ၏ အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ၊ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို နွေးထွေးပျူငှာစွာ ဧည့်ဝတ်ကျေပွန်မှုတို့အတွက် ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ကို အထူးကျေးဇူးတင်ကာ အိန္ဒိယနိုင်ငံဝန်ကြီး ချုပ်အနေနဲ့ နှစ်ဖက်အဆင်ပြေမည့်ကာလတွင် မြန်မာနိုင်ငံသို့လာရောက်ရန်လည်း ဖိတ်ကြားခဲ့ပါတယ်။ (NVS 004)