“ငလျင်ဘေးသင့်အိမ်ထောင်စုများအတွက် ပြန်လည်ထူထောင်ရေး အသုံးအဆောင်ပစ္စည်းများထောက်ပံ့”

02 Jun

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်အတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ဒေသခံ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး အသုံးအဆောင်ပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါထောက်ပံ့မှုကို မေလ ၂၈ ရက်မှ ၃၀ ရက်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပင်လောင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၄၃ ရွာနှင့် ရပ်ကွက် ၂ ခုမှ အိမ်ထောင်စုပေါင်း ၃၈၅ စုထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ထောက်ပံ့ပေးအပ်ခဲ့တဲ့ ပစ္စည်းများမှာ တစ်ကိုယ်ရည်သန့်ရှင်းရေး အမျိုးသမီးဂုဏ်သိက္ခာထိန်းပစ္စည်း ၃၆၉ စုံ၊ အမျိုးသားနှင့် မိသားစုတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၇၀၀ ကျော်၊ စောင်၊ ခြင်ထောင်၊ ဖျာ၊ အနွေးထည်၊ ဆိုလာမီးအိမ်နှင့် သောက်ရေထည့်ပုံးများ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း ၃၈၅ စုံ၊ တာပေါ်လင်စ ၃၈၅ ခုနှင့် မီးဖိုချောင်သုံးပစ္စည်းများ၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီတဲ့အိတ် ၆၄ အိတ်တို့ကို ထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။ အဆိုပါကူညီမှုများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီ အသင်းများဖက်ဒရေးရှင်း(IFRC)နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဘေးသင့်ပြည်သူများအတွက် “ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ခြင်း” (Unconditional Cash Grant) လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်လည်း ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ဝန်ထမ်းများက သက်ဆိုင်ရာကျေးရွာများအတွင်း ကွင်းဆင်း၍ စနစ်တကျဆန်းစစ်လေ့လာမှုများ ပြုလုပ်နေပြီဖြစ်ပါတယ်။ (NVS 004)

02 Jun

ADVERTISE HERE .