“လမင်းစီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနေမှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်”
02 Jun
နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ ကာလအတွင်း “လမင်းစီမံချက်” နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေမှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါတယ်။ အခုလိုဆောင်ရွက်နေရာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှာ ကျောင်းသား/သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် e-ID စနစ်ဆိုင်ရာ Unique ID (UID) ကတ်များ One Stop Service စနစ်ဖြင့် နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးနေပါတယ်။ အဆိုပါဆောင်ရွက်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ ကြပါတယ်။ ဆောင်ရွက်ပေးမှုမှာ အသက် ၁၀ နှစ်ပြည့်ပြီးသူနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူ ကျောင်းသား/သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို ဆောင်ရွက်ပြီး e-ID စနစ်အောင်မြင်ရေးအတွက် ဇီဝဆိုင်ရာ အချက်အလက် (Biometric/Biographic Data) များကောက်ယူကာ ဂဏန်း ၁၀ လုံးပါ Unique ID (UID) နံပါတ်/ကတ်များကို နေ့ချင်းပြီး One Stop Service စနစ်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ (NVS 004)