“လာအိုနိုင်ငံ၌ လိုဏ်ဂူအတွင်း တစ်ပတ်ကျော်ပိတ်မိနေသူ ငါးဦးကို ကယ်တင်နိုင်ခဲ့ပြီး နှစ်ဦးပျောက်ဆုံးနေ”

02 Jun

ကယ်ဆယ်ရေးသမားများသည် လာအိုနိုင်ငံအလယ်ပိုင်းတွင် ရေလွှမ်းမိုးမှုဖြစ်ပွားသော လိုဏ်ဂူတစ်ခု အတွင်း သီတင်းတစ်ပတ်ကျော်ကြာ ပိတ်မိနေသူငါးဦးကို ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ပျောက်ဆုံးနေသူ နှစ်ဦးကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။ ကျေးရွာသားခုနစ်ဦးသည် ရွှေရှာဖွေရန်အတွက် နိုင်ငံ၏ မြို့တော်ဗီယင်ကျန်းမြို့၏အရှေ့မြောက်ဘက် ၁၂၅ ကီလိုမီတာခန့်အကွာ ဆိုင်စမ်ဘွန်းပြည်နယ်ရှိ လိုဏ်ဂူတစ်ခု အတွင်းသို့ မေလ ၂၀ ရက်က ဝင်ရောက်သွားခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ယင်းနောက် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားကာ လိုဏ်ဂူထွက်ပေါက် ပိတ်ဆို့သွားခဲ့ခြင်း ဖြစ်သည်။ ကယ်ဆယ်ရေးသမားများသည် လိုဏ်ဂူအတွင်းရှိ အခန်းငယ်တစ်ခု၌ ကျေးရွာသားခုနစ်ဦးအနက် ငါးဦးကို မေလ ၂၇ ရက်က အသက်ရှင်လျက်တွေ့ရှိခဲ့ကြောင်း၊ ထို့နောက်လိုဏ်ခေါင်းလမ်းကြောင်းများအတွင်း ပိတ်နေသောရေများကို ဖယ်ရှားရန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး မေလ ၃၀ ရက်တွင် ၎င်းတို့ငါးဦးကို လိုဏ်ဂူပြင်ပသို့ ဘေးကင်းလုံခြုံစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ပျောက်ဆုံးနေသူနှစ်ဦးမှာ ငါးဦးကို တွေ့ရှိခဲ့သည့်နေရာထက် ပိုမိုအတွင်းကျသောနေရာများသို့ ရောက်ရှိနေနိုင်ကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားသည်။ ကယ်ဆယ်ရေးအဖွဲ့တွင် ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံများမှ ရေငုပ်သမားများပါဝင်ကြောင်း သိရပြီး ယင်းရေငုပ်သမား များအနက် အချို့မှာ ၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ရေလွှမ်းမိုးမှုဖြစ်ပွားသော လိုဏ်ဂူတစ်ခုအတွင်း ပိတ်မိ နေသည့် လူငယ်ဘောလုံးအသင်းဝင်များကို ကယ်ဆယ်သည့်လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူများဖြစ်ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

02 Jun

ADVERTISE HERE .