“အမေရိကန်၏တိုက်ခိုက်မှုများကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး နောက်တစ်ကြိမ်တွင် ယခုထက် ပိုမို ပြင်းထန်မည်ဟု သတိပေး”

02 Jun

အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် အီရန်က လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ကြောင်း အီရန်နိုင်ငံ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ အမေရိကန်စစ်ဘက်က မေလ ၃၁ ရက်တွင် အီရန်နိုင်ငံတောင်ပိုင်းရှိ ပစ်မှတ်များကိုတိုက်ခိုက်ပြီးနောက် ယင်းတိုက်ခိုက်မှုလုပ်ဆောင်ရာ၌ အသုံးပြုသည့် လေတပ်စခန်းကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်ခြင်း ဖြစ်ကြောင်းနှင့် နောက်တစ်ကြိမ် ထိုသို့တိုက်ခိုက်လာပါက လက်တုံ့ပြန်မှုသည် ယခုထက်ပြင်းထန်မည် ဖြစ်ကြောင်း တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ဇွန်လ ၁ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်ဘက်က နိုင်ငံတကာရေပိုင်နက်တွင်ရှိသည်ဟုပြောသော်လည်း အီရန်က ၎င်းတို့၏ဝေဟင် ပိုင်နက်သို့ ကျူးကျော်လာသည်ဟူသော အမေရိကန်၏ ဒရုန်းတစ်စင်းကို ပစ်ချပြီးနောက် အမေရိကန်စစ်ဘက်က အီရန်ရှိပစ်မှတ်များကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း အမေရိကန်အလယ်ပိုင်းဒေသစစ်ဌာနချုပ်က ဇွန်လ ၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယခုကဲ့သို့အပြန်အလှန်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခြင်းသည် အမေရိကန်နှင့် အစ္စရေး တို့က အီရန်အပေါ်တိုက်ခိုက်မှုများလုပ်ပြီးနောက် တစ်လကျော်အကြာ ဧပြီလတွင်ရရှိထားသည့် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ပျက်စီးစေနိုင်သော အခြေအနေဖြစ်ပေါ်လျက်ရှိသည်။ လက်ရှိတွင် အမေရိကန်နှင့် အီရန်တို့က နားလည်မှုစာချွန်လွှာတစ်ရပ်ရရှိနိုင်ရေး ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်နေကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

02 Jun

ADVERTISE HERE .