“ဂျပန်နှင့် အမေရိကန် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံ”

01 Jun

ဂျပန်နှင့် အမေရိကန် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများက နှစ်နိုင်ငံမဟာမိတ်ဆက်ဆံရေး၏ တုံ့ပြန်မှု စွမ်းရည်ကို ပိုမိုအားကောင်းစေရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ ဂျပန်ကာကွယ်ရေး ဝန်ကြီး ကိုအိဇုမိရှင်းဂျိရိုနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတာဟက်ဆက်တို့က စင်ကာပူနိုင်ငံ၌ မေလ ၃၀ ရက်တွင် တွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံဝန်ကြီးများက ဂျပန်-အမေရိကန် မဟာမိတ်ဆက်ဆံရေးကို ပိုမိုအားကောင်းလာ စေရန် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း သိရ သည်။ အမေရိကန်အနေဖြင့် ဂျပန်၏ကာကွယ်ရေးစွမ်းရည်များ အားကောင်းလာစေရန် ကြိုးပမ်းမှုများနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုဆွေးနွေးရန် မျှော်လင့်ထားကြောင်း ကာကွယ်ရေးဝန်ကြီး ပီတာ ဟက်ဆက်က ပြောကြားသည်။ ဂျပန်၏ မကြာသေးမီက ပြန်လည်ပြင်ဆင်ထားသော ကာကွယ်ရေးပစ္စည်းနှင့် နည်းပညာလွှဲပြောင်းရေး မူဝါဒအရ သေစေနိုင်သောလက်နက်များကိုလည်း အခြေခံအားဖြင့် တင်ပို့ခွင့်ပြုထားကြောင်း ကာကွယ်ရေးဝန်ကြီး ကိုအိဇုမိ ရှင်းဂျိရိုက ပြောကြားခဲ့သည်။ အဆိုပါလှုပ်ရှားမှုကို အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတာဟက်ဆက်က ကြိုဆိုခဲ့သည်။ ဝန်ကြီးနှစ်ဦးက ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ၎င်းတို့၏နိုင်ငံများအနေဖြင့် မည်သည့်အခြေအနေအရပ်ရပ်ကိုမဆို တည်တည်ငြိမ်ငြိမ်နှင့်ပြတ်ပြတ်သားသား ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ထပ်မံအတည်ပြု ပြောကြားခဲ့သည်။ ဩစတြေးလျ၊ တောင်ကိုရီးယားနှင့် ဖိလစ်ပိုင်တို့အပါအဝင် ဒေသတွင်း မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဂျပန်နှင့်အမေရိကန်ကာကွယ်ရေးဝန်ကြီးနှစ်ဦးက သဘော တူညီခဲ့ကြသည်။ ဒုံးခွင်းဒုံးများ ပူးတွဲဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုအောင်မြင်ရန် ခိုင်မာသောအစီအမံများကို လည်း ဆွေးနွေးခဲ့ကြကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

01 Jun

ADVERTISE HERE .