“နည်းပညာတက္ကသိုလ်(တောင်ငူ)မှာ ငလျင်ဒဏ်ခံနိုင်တဲ့ ဘွဲ့နှင်းသဘင်ခန်းမပါဝင်သော ဘက်စုံသုံး ၃ ထပ် အဆောက်အအုံဆောက်လုပ်မည်”
01 Jun
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)မှာ ငလျင်ဒဏ်ခံနိုင်တဲ့ ဘွဲ့နှင်းသဘင် ခန်းမပါဝင်သော ဘက်စုံသုံး ၃ ထပ်အဆောက်အအုံကို မကြာမီဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦး က ပြောကြားခဲ့ပါတယ်။ အဆိုပါဘက်စုံသုံး ၃ ထပ်အဆောက်အအုံကို မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ အနီရောင်အဆင့်သတ်မှတ်ကာ ဖြိုဖျက်ထားသော အဆောက်အအုံနေရာမှာ ဒီဇိုင်းပုံစံအသစ်နဲ့ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် နည်းပညာတက္ကသိုလ်(တောင်ငူ)၏ ဆောက်လုပ်မည့် အဆောက်အအုံသစ် ဒီဇိုင်းပုံစံအား ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းသားမိဘများကို Power Point နဲ့ရှင်းလင်းပြသခဲ့ပြီးနောက် အဆောက်အအုံအားအသုံးပြုမည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ များမှ အကြံပြုလိုသည်များရှိပါက ၁ လအတွင်း အကြံပြုနိုင်တယ်လို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦး က ရှင်းလင်းပြောကြားခဲ့ပါတယ်။ အသစ်ဆောက်လုပ်မည့် ၃ ထပ်အဆောက်အအုံသစ်မှာ Main Lobby ၊ Lecture Theater ၊ Assembly Hall ၊ Pre-Function room ၊ Waiting Lounge ၊ WCs များပါရှိ၍ Commond Subject များဖြစ်တဲ့ မြန်မာ၊ အင်္ဂလိပ်၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များသင်ကြားရန် အသုံးဝင်ပြီး Master အတန်းများရှိ၍ Seminar Room များ ထည့်သွင်းတည်ဆောက်သွားမယ်လို့ သိရပါတယ်။ (NVS 004)