“ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး ချန်ပီယံလိဂ်ချန်ပီယံဆုကို ပီအက်စ်ဂျီအသင်းဆွတ်ခူး”
31 May
ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်အဖြစ် ဟန်ဂေရီနိုင်ငံမြို့တော်၊ ဘူဒါပတ်စ်ရှိ Puskas Arena ဘောလုံးကွင်း တွင် လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းနှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပီအက်စ်ဂျီအသင်းက အာဆင်နယ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းက ပထမပိုင်းပွဲချိန် ၆ မိနစ်တွင် ကိုင်ဟာဗက်ဇ် ရဲ့သွင်းဂိုးဖြင့် ဦးဆောင်ဂိုး ရယူထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန် ၆၅ မိနစ်တွင် ဒမ်ဘီလီ က ပင်နယ်တီမှတစ်ဆင့် ချေပဂိုးရယူနိုင်ခဲ့လို့ ပွဲချိန် မိနစ် ၉၀ တွင် ပီအက်စ်ဂျီအသင်းနှင့် အာဆင်နယ်အသင်းတို့ တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပိုတွင်လည်း နှစ်ဖက်လုံးမှ ဂိုးသွင်းယူနိုင်ခြင်း မရှိတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ အာဆင်နယ်အသင်းမှ အီဇီနှင့် ဂါဘရီရယ်လ်တို့နှစ်ဦး လွဲချော်ခဲ့မှုကြောင့် ပီအက်စ်ဂျီ အသင်းက အာဆင်နယ်အသင်း ကို လေးဂိုး၊ သုံးဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းက ရီးရဲလ်မက်ဒရစ်အသင်းနောက်ပိုင်း ချန်ပီယံလိဂ်ဆုဖလားကို နှစ်ရာသီဆက်တိုက် ဆွတ်ခူးရရှိသည့် အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး အာဆင်နယ်အသင်းက အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ နှစ်ကြိမ်အထိ တက်ရောက်နိုင်ခဲ့သော်လည်း ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။(NVS 008)