“အမေရိကန်နှင့် မည်သည့်နားလည်မှုစာချွန်လွှာမျှ ရရှိထားခြင်းမရှိဟု အီရန်ငြင်းဆို”

29 May

အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား မည်သည့်နားလည်မှုစာချွန်လွှာမျှ ရရှိထားခြင်းမရှိကြောင်း အီရန် အစိုးရ တာဝန်ရှိသူများ၏ ပြောဆိုချက်ကိုကိုးကား၍ Tasnim သတင်းဌာနက ထုတ်ပြန်ထားသည်။ ထိုနှစ်နိုင်ငံကြား အဆိုပြုထားသော နားလည်မှုစာချွန်လွှာကို အပြီးသတ်နိုင်ခဲ့ပြီဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဘက်က အတည်ပြုမှုတစ်ခုသာ ကျန်တော့ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ထိုသတင်းများကို အီရန်ဘက်က ငြင်းဆိုခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါနားလည်မှုစာချွန်လွှာပါ အချက်အလက်များနှင့်ပတ်သက်၍ တစ်ဖက်နှင့်တစ်ဖက် ဆွေးနွေးဆဲ ဖြစ်ကြောင်းနှင့် အပြီးမသတ်နိုင်သေးကြောင်း အီရန်၏ ဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့နှင့် နီးကပ်သော သတင်း အရင်းအမြစ်တစ်ခုက ပြောထားသည်။ အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့က လက်ရှိအသက်ဝင်နေဆဲဖြစ်သော အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ရက်ပေါင်း ၆ဝ သက်တမ်းတိုးရန်နှင့် အီရန်နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ စတင်ဆွေးနွေးရန် သဘော တူညီချက်တစ်ခု ရရှိခဲ့ပြီဖြစ်ကြောင်း၊ သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ အတည်ပြုမှု ကျန်ရှိနေသေး ကြောင်း Axio သတင်းဌာနက အမေရိကန်တာဝန်ရှိသူများ၏ ပြောဆိုချက်ကိုကိုးကား၍ မေလ ၂၈ ရက်တွင် ထုတ်ပြန် ထားသည်။ ထို့ပြင် နားလည်မှုစာချွန်လွှာတွင် ဟော်မုရေလက်ကြားကို မည်သည့်အတားအဆီးမျှမရှိဘဲ ပြန်ဖွင့်ရေး ဆောင်ရွက်ရန်ပါဝင်ကြောင်းသိရသည်။

29 May

ADVERTISE HERE .