“တရုတ်နိုင်ငံက အမေရိကန်၏ စစ်ရေးခြိမ်းခြောက်မှုအား ဆန့်ကျင်သော ကျူးဘားနိုင်ငံကို ထောက်ခံကြောင်း တရုတ်နိုင်ငံ ပြောကြား”
29 May
ကျူးဘားနိုင်ငံက ၎င်း၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများအား ထိန်းသိမ်းကာကွယ်ခြင်းကို တရုတ်နိုင်ငံအနေဖြင့် အခိုင်အမာထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် က မေလ ၂၇ ရက်၌ ပြောကြားခဲ့သည်။ ကျူးဘားနိုင်ငံအပေါ် အမေရိကန်၏ စစ်ရေးခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းကို ကျူးဘားနိုင်ငံခြားရေး ဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ် က မေလ ၂၆ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဆင့်မြင့် အစည်းအဝေး၌ ရှုတ်ချခဲ့ပြီးနောက် မော် က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားရန် အမြဲတစေ တိုက်တွန်းလာခဲ့ပြီး နိုင်ငံတကာဆက်ဆံရေးတွင် အင်အားသုံးခြင်း သို့မဟုတ် အင်အားသုံးရန် ခြိမ်းခြောက် ခြင်းကို ဆန့်ကျင်ကာ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာအား ချိုးဖောက်ခြင်း သို့မဟုတ် မည်သည့်အကြောင်း ပြချက်ဖြင့်မဆို ၎င်းတို့၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်းကို ကန့်ကွက်ကြောင်း မော် က ပြောကြား ခဲ့သည်။ နိုင်ငံအားလုံးသည် နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိဉာဉ်စာတမ်း၏ ရည်ရွယ်ချက်များနှင့် မူများကို လိုက်နာသင့်ကြောင်း မော် က ပြောကြားခဲ့သည်။(Repost from Xinhua Myanmar)