“အေဘရာဟမ်သဘောတူညီချက်များတွင် ပါဝင်မည်မဟုတ်ကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ပြောကြား”

29 May

ပါကစ္စတန်နိုင်ငံအနေဖြင့် အစ္စရေးနှင့် အာရပ်နိုင်ငံများ ဆက်ဆံရေး ပုံမှန်အသွင်ပြောင်းရန် မြှင့်တင်ပေးသည့် အေဘရာဟမ်သဘောတူညီချက်များ(Abraham Accords)တွင် ပါဝင်မည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယင်းသဘောတူညီချက်သည် ပါကစ္စတန်အယူအဆနှင့် ကွဲလွဲနေခြင်းကြောင့်ဖြစ်ကြောင်း ပါကစ္စတန်ကာကွယ်ရေး ဝန်ကြီး Khawaja Asif က မေလ ၂၆ ရက်တွင် ဒေသခံမီဒီယာ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။ ပါကစ္စတန်သည် အစ္စရေးနှင့် သံတမန်ဆက်ဆံရေးမရှိခဲ့ပေ။ Asif က ပါကစ္စတန်၏ ရပ်တည်ချက်မှာ အလွန်ရှင်းလင်း ပြတ်သားကြောင်း၊ ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီး ဘာလုပ်ဆောင်မှုမှ မရှိသေးပါဘူးဟူ၍ ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ထရမ့် က မေလ ၂၅ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်ရေးသား၍ အမေရိကန်-အီရန် ဆွေးနွေးပွဲ များကို ကြားဝင်ညှိနှိုင်းပေးသော ဆော်ဒီအာရေဗျ၊ ကာတာ၊ အီဂျစ်၊ ဂျော်ဒန်၊ တူကီယဲနှင့် ပါကစ္စတန်တို့အား အေဘရာဟမ်သဘောတူညီချက်များတွင် ချက်ချင်းပါဝင်ရန်တောင်းဆိုခဲ့ပြီး ဆော်ဒီအာရေဗျနှင့် ကာတာတို့က ဦးဆောင်သင့်ကြောင်း၊ သို့မဟုတ်ပါက အထက်ပါနိုင်ငံများအနေဖြင့် အမေရိကန်-အီရန် သဘောတူညီချက်ကို ကြားဝင်ညှိနှိုင်းရာတွင် မပါဝင်သင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။ အကယ်၍ အမေရိကန်နှင့် အီရန် သဘောတူ ညီချက်ရရှိပါက အီရန်သည်လည်း အေဘရာဟမ်သဘောတူညီချက်များတွင် ပါဝင်သင့်ကြောင်းလည်း ထရမ့် က ပြောကြားခဲ့သည်။ အေဘရာဟမ်သဘောတူညီချက်များသည် အစ္စရေးအစိုးရနှင့် ယူအေးအီး၊ ဘာရိန်း၊ ဆူဒန်၊ မော်ရိုကိုစသည့် အာရပ်နိုင်ငံများနှင့် လက်မှတ်ရေးထိုးသော၊ အစ္စရေးနှင့် အာရပ်နိုင်ငံများ ဆက်ဆံရေး ပုံမှန်အသွင်ပြောင်းရေး မြှင့်တင်ရန်ရည်ရွယ်သော သဘောတူညီချက်ဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခမဖြစ်ပွားခင် အမေရိကန်သည် ဆော်ဒီ အာရေဗျနိုင်ငံနှင့် အစ္စရေး ဆက်ဆံရေးပုံမှန်အသွင်ရရှိရန် တွန်းအားပေးဆောင်ရွက်ခဲ့ဖူးသည်။ ပဋိပက္ခဖြစ်ပွား ပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံသည် အစ္စရေးနှင့်ဆက်ဆံရေး ပုံမှန်အသွင်ပြောင်းရေး ဆွေးနွေးမှုကို ယာယီရပ်တန့်ခဲ့သည်။ (Repost from Xinhua Myanmar)

29 May

ADVERTISE HERE .