“တောင်သူများထံသို့ သွင်းအားစုများကို ထိထိရောက်ရောက်ပံ့ပိုးရန်နှင့် အရည်အသွေးကောင်းမွန်တဲ့ သွင်းအားစုများဖြစ်စေရေး ဆောင်ရွက်ပေးရန် ဝန်ကြီးချုပ်မှာကြား”
29 May
တောင်သူများထွန်ယက်စိုက်ပျိုးရေးကို စတင်လုပ်ဆောင်နေကြသောကြောင့် သွင်းအားစုများကို တောင်သူ များထံသို့ ထိထိရောက်ရောက်ပံ့ပိုးရန်နှင့် အရည်အသွေးကောင်းမွန်တဲ့ သွင်းအားစုများဖြစ်စေရေး ဆောင်ရွက်ပေးရန် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁) စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်များနှင့် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ စိုက်ပျိုးရာသီကိုရောက်ရှိလာပြီဖြစ်၍ တောင်သူများအနေနဲ့ လယ်ယာမြေများမှာ ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်း များကို စတင်လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေနဲ့ ဆောင်ရွက်ပေးတဲ့ သွင်းအားစု များကို တောင်သူများထံသို့ ထိထိရောက်ရောက် ပံ့ပိုးနိုင်ရေးနှင့် အရည်အသွေးကောင်းမွန်တဲ့ သွင်းအားစုများ အချိန်မီ ရောက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် က ပြောကြားခဲ့ပါတယ်။ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ စိုက်ဧကစာရင်းများမှန်ကန်ရေး၊ သီးနှံအထွက်နှုန်းများ မှန်ကန်ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က မှာကြားခဲ့ပါတယ်။ (NVS 008)