“ငါးနှစ်ကျော်ရပ်နားခဲ့တဲ့ စကျင်ကျောက်လုပ်ငန်းများ ပြန်လည်လည်ပတ်”
29 May
တိုက်ပွဲများကြောင့် ငါးနှစ်ကျော်ရပ်နားခဲ့တဲ့ စကျင်ကျောက်လုပ်ငန်းများ ပြန်လည်လည်ပတ်လာပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒေသတွင်းတည်ငြိမ်မှုရရှိခဲ့ပြီးနောက်ပိုင်း မန္တလေးနှင့်မတ္တရာမြို့ ဒေသနှစ်ခုကြား၊ ကူးလူးသွားလာရေး ပြန်လည်အဆင်ပြေချောမွေ့လာပြီဖြစ်တဲ့အတွက် စကျင်ကျေးရွာရှိ စကျင်ကျောက်ထုတ်လုပ်လုပ်ငန်းများ ပြန်လည် အသက်ဝင်လာကြောင်း သိရပါတယ်။ ယခင်က နှစ်ဖက်ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသလို နယ်မြေမအေးချမ်းသတဲ့အတွက် ဒေသခံများ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရပါတယ်။ ယခုအခါ ယခုနှစ်သင်္ကြန်မတိုင်ခင်ကစ၍ ဒေသတွင်းတိုက်ပွဲ ဖြစ်ပွားမှုလျော့ကျလာသလို လမ်းပန်းဆက်သွယ်ရေး အတော်အသင့်ကောင်းမွန်လာပြီဖြစ်တဲ့အတွက် စကျင်ကျောက် လုပ်ငန်းပြန်လည် အသက်ဝင်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ စကျင်ကျေးရွာဟာ စကျင်ကျောက်ထုတ်လုပ်ငန်းနှင့် ပန်းတမော့ကျောက်ဆစ်အနုပညာလုပ်ငန်းကြောင့် ထင်ရှားပြီး လူသိများခဲ့ပါတယ်။ စကျင်ကျေးရွာမှထွက်ရှိတဲ့ စကျင် ကျောက်တုံးများကို ဘုရားရုပ်ပွားဆင်းတုတော်များအတွက်အဓိကထား ထုဆစ်အသုံးပြုကြပြီး ပန်းအိုး အစရှိတဲ့ လူ့အသုံးအဆောင်ပစ္စည်းများအနေနဲ့လည်း ထုဆစ်ထုတ်လုပ်ရောင်းချကြကြောင်း သိရပါတယ်။ (NVS 008)