ငလျင်ကြီးနောက်ပိုင်း မဟာမုနိဘုရားကြီးသို့ ခရီးသွားဖူးမြှော်သူ ပိုမိုများပြားလာ
27 May
မန္တလေးငလျင်ကြီးပြီးနောက်ပိုင်းတွင် မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ထံသို့ လာရောက် ဖူးမြှော် သည့် ခရီးသွားများ ပိုမိုများပြားလာကြောင်း သိရပါတယ်။ မန္တလေးငလျင်ကြီး မလှုပ်ခတ်ခင်က ပုံမှန်ရက်များတွင် ခရီးသွားထောင်ဂဏန်းမျှသာရှိခဲ့သော်လည်း ယခုအခါတွင် နေ့စဉ်ခရီးသွားဦးရေ၊ ပျမ်းမျှ တစ်သောင်း၀န်းကျင် ဝင်ရောက်လျက်ရှိကြောင်းလည်း ဘုရားကြီးဂေါပကအဖွဲ့မှ သိရပါတယ်။ မတ္တရာ-စဉ့်ကူး-မိုးကုတ်လမ်းပိုင်း၊ မန္တလေး – ပြင်ဦးလွင် – လားရှိုးလမ်းပိုင်း၊ မန္တလေး-စစ်ကိုင်းလမ်းပိုင်းတို့ ပြန်လည်သွားလာရန် အဆင်ပြေပြီး နောက်ပိုင်း ထိုကဲ့သို့ ဖူးမျှော်သူ ပြန်လည်များပြားလာခြင်းဖြစ်နိုင်ကြောင်း ဂေါပကအဖွဲ့မှ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့သည့်နှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးတွင် မဟာမြတ်မုနိဘုရားကြီး၏ ကိုယ်လုံးတော်မှာ ကြီးကြီးမားမားထိခိုက်မှုမရှိခဲ့သော်လည်း ဦးခေါင်းမကိုဋ်တော်မှာမူ ကွေးညွှတ်ကျိုးပဲ့ခဲ့ပြီး ဂန္ဓာကုဋီ ကျောင်းဆောင်လည်း ထိခိုက်မှုများရှိခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းဆောင်တော်၏ စိန်ဖူးတော်မှာ မြေခခဲ့ ရပြီး ပြတိုက်အပါအဝင် စောင်းတန်းအချို့လည်း ပျက်စီးမှုရှိခဲ့ပါတယ်။ ပြန်လည်မွမ်းမံမှုများပြုလုပ်ခဲ့ပြီးနောက် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို ဧပြီလ လဆန်းပိုင်းတွင် ပြင်လည်ပြင်ဆင်ခဲ့ပြီး ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)