“အမေရိကန်နှင့်အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပြီး မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ထပ်လောင်း အတည်ပြု”

26 May

အိန္ဒိယနိုင်ငံသို့ လေးရက်ကြာရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမ နီယမ်ဂျိုင်ရှန်ကာနှင့် နယူးဒေလီမြို့တွင် မေလ ၂၄ ရက်က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးမှု အတွင်း ဂျိုင်ရှန်ကာ က နှစ်နိုင်ငံဆက်ဆံရေးကို ဘက်ပေါင်းစုံလွှမ်းခြုံနိုင်သည့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် ပြောကြားခဲ့သည်။ ရူဘီယိုကလည်း အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယနိုင်ငံနှင့် ဘုံအကျိုးစီးပွားများစွာရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သော ရူဘီယို၏ခရီးစဉ်သည် ဝါရှင်တန်နှင့်နယူးဒေလီတို့အကြား ဆက်ဆံရေးတင်းမာနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ရူဘီယိုသည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် မေလ၂၃ ရက်တွင် တွေ့ဆုံခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသ အခြေအနေများ အပြင် ကုန်သွယ်ရေးနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာစေရေးတို့ကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။ ရူဘီယိုသည် နယူးဒေလီမြို့၌ ဂျပန်၊ ဩစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီး များနှင့် မေလ ၂၆ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

26 May

ADVERTISE HERE .