“အီရန်နှင့်အမေရိကန်တို့ကြား စေ့စပ်ညှိနှိုင်းပေးမှုအတွက် ပါကစ္စတန်ကို ကျေးဇူးတင်ကြောင်း ရှီကျင့်ဖျင် ပြော”

26 May

အီရန်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့ကြား ငြိမ်းချမ်းရေးရရှိစေရန် တက်ကြွစွာစေ့စပ်ညှိနှိုင်းပေးနေသည့် အတွက် ပါကစ္စတန်နိုင်ငံကိုကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် က မေလ ၂၅ ရက်တွင် ပြောသည်။ ရှီကျင့်ဖျင်သည် နိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် ရှီဘက်ရှာရစ် နှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံကြား သံတမန်ဆက်ဆံရေး (၇၅)နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ပါကစ္စတန်ဝန်ကြီးချုပ်က တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ခေါင်းဆောင်နှစ်ဦးတွေ့ဆုံစဉ် နှစ်နိုင်ငံစလုံးအနေဖြင့် အရှေ့အလယ်ပိုင်း ဒေသအတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အားပေးမြှင့်တင်နိုင်ရေးအတွက် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်မှု တို့ လုပ်ဆောင်သွားမည်ဟု ကတိပြုထားကြောင်း တရုတ်နိုင်ငံပိုင်သတင်း ဌာနက ဖော်ပြထားသည်။ အလားတူ ပါကစ္စတန်နိုင်ငံ၏ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းများတွင် ကူညီပံ့ပိုးပေးမှုများအတွက် တရုတ်နိုင်ငံ ကို ကျေးဇူးတင်ကြောင်း၊ သမ္မတရှီကျင့်ဖျင်၏ အချက် ၄ ချက်ပါ အရှေ့အလယ်ပိုင်းအစီအစဉ်သည် ငြိမ်းချမ်းရေး အတွက် လမ်းပြမူဘောင်တစ်ခုဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် က ပြောသည်။ ထိုအစီအစဉ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ အပြည်ပြည်ဆိုင်ရာတရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ဖြစ်သည်ဟု SCMP သတင်းဌာန ဖော်ပြချက် အရ သိရသည်။

26 May

ADVERTISE HERE .