“အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံနေပြီ”
26 May
မေလ ၂၅ ရက်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ် နှံရေးကို စတင်လက်ခံနေပြီဖြစ်ပါတယ်။ မေလ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးကာလအဖြစ် လက်ခံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မေလ ၂၅ ရက်မှာ ကျောင်းအပ်နှံသူများပြားခဲ့ပြီး KG မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများကို ဗလာစာအုပ် ၁ ဒါဇင်၊ ပုံနှိပ်စာအုပ် ၁ စုံ၊ ခဲတံ ၄ ချောင်းနှင့် ကျောင်းဝတ်စုံ ၁ စုံကို အခမဲ့ပေးအပ်ခဲ့ပါတယ်။ အလယ်တန်းနှင့် အထက်တန်းအဆင့်များအတွက် ဗလာစာအုပ် ၁ ဒါဇင်၊ ပုံနှိပ်စာအုပ် ၁ စုံ၊ ခဲတံ ၂ ချောင်းနှင့် ဘောလ်ပင် ၂ ချောင်းတို့ကို အခမဲ့ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းအပ်နှံရေးလုပ်ငန်းများကို စနေ၊ တနင်္ဂနွေ အပါအဝင် ရုံးပိတ်ရက်မရှိ ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ KG အတန်းသို့ အသက် ၅ နှစ်ပြည့်ပြီးသူများကို အပ်နှံရမည်ဖြစ်ပြီး၊ အသက် ၅ နှစ်ပြည့်ရန် ၂ လလိုအပ်သူများအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး၏ ထောက်ခံစာ၊ ၃ လလိုအပ်သူ များအတွက် ခရိုင်ပညာရေးမှူး၏ ထောက်ခံစာ လိုအပ်မည်ဖြစ်ကြောင်း သိရပါတယ်။ အသက် ၆ နှစ်ပြည့်ပြီးသူများကို Grade-1 သို့ အပ်နှံနိုင်မှာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်နှံရာမှာ မိဘများထံမှ မည်သည့်အခကြေးငွေမျှ မကောက်ခံရန် ညွှန်ကြားထားပြီး ကျောင်းအပ်နှံခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာကြည့်တိုက်ကြေးတို့အပါအဝင် မည်သည့်ငွေကြေးကိုမျှ ကောက်ခံခြင်းမပြုရန်နှင့် အလှူငွေ၊ လက်ဆောင်ပစ္စည်းများ လက်ခံခြင်းမပြုရန် တားမြစ် ထားကြောင်း သိရပါတယ်။ အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ်ပြီးနောက် ဇွန်လ ၁ ရက်မှာ အခြေခံပညာ ကျောင်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)