“ပြည်သူ့ဘဏ္ဍာငွေသုံးစွဲခြင်း စိစစ်ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များကို သင်တန်းပေး”
26 May
ဌာနဆိုင်ရာများ ပြည်သူ့ဘဏ္ဍာငွေသုံးစွဲခြင်း စိစစ်ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအား သင်တန်းပေးခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင် က ယခုသင်တန်းမှာ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ချပြဆွေးနွေးခြင်းအားဖြင့် အပြုသဘော ဆောင်တဲ့ လုပ်ငန်းစဉ်တွေ များစွာတိုးတက်လာမည်ဟု ယုံကြည်မျှော်လင့်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဦးကျော်ကျော်စိုး မှ လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့ဘဏ္ဍာငွေသုံးစွဲဆောင်ရွက်တဲ့ လုပ်ငန်းများမှာ စိစစ်ထိန်းကျောင်းခြင်းများပါဝင်တဲ့အတွက် စည်းမျဉ်းစည်းကမ်း၊ မူဝါဒမူဘောင်၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ အကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်ရန် လေးစားစွာလေ့လာဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှူးမှ တိုင်းအဆင့်စီမံကိန်းရေးဆွဲခြင်း လုပ်ငန်းစဉ် များကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိနားလည်စေရန် ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ အဆိုပါသင်တန်းကို သက်ဆိုင်ရာခေါင်းစဉ် ကဏ္ဍအလိုက် ပညာရှင်များမှ ၃ ရက်တာ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)