“အီရန်အသင်း၏ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့်မှုစခန်းကို အမေရိကန်မှ မက္ကဆီကို သို့ပြောင်းရွှေ့”
25 May
အီရန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အခြေစိုက်နေထိုင်လေ့ကျင့်မယ့် Camp နေရာကို အမေရိကန်ကနေ မက္ကဆီကို သို့ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မာဒီတက်ဂျ် က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အီရန်အသင်းအနေနဲ့ မူလက အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်မှာရှိတဲ့ တက်ဆန်မြို့မှာ အခြေစိုက် နေထိုင်ဖို့ စီစဉ်ထားပေမယ့် အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့ အခြေအနေကြောင့် လုံခြုံရေးအတွက် စိတ်ချ ရစေဖို့ မက္ကဆီကိုနိုင်ငံမှာ ပြောင်းလဲနေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နဲ့ ဆွေးနွေးမှုပြုလုပ်ချိန်မှာ အီရန်ရဲ့တင်ပြမှုတွေကို FIFA က ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ မာဒီတက်ဂျ် က ပြောကြားခဲ့ ပါတယ်။ ဒါကြောင့် အီရန်အသင်းဟာ ပွဲမတိုင်ခင်နဲ့ ပွဲကစားပြီးချိန်တွေမှာ မက္ကဆီကိုနိုင်ငံ၊ တီဟွာနာမြို့မှာ အခြေစိုက် နေထိုင်ပြီး လေ့ကျင့်မှုပြုလုပ်သွားမှာဖြစ်ပါတယ်။ အီရန်ကြေညာမှုကိုတော့ FIFA နဲ့ တက်ဆန်မြို့မှာရှိတဲ့ Kino Sports Complex ဘက်က အတည်ပြုခြင်းမရှိသေးပါဘူး။ အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (G) မှာ နယူးဇီလန်၊ ဘယ်လ်ဂျီယံ၊ အီဂျစ်အသင်းတို့နဲ့အတူ ကျရောက်နေပါတယ်။ (NVS 008)