“ပြည်သူများ လျှပ်စစ်နှင့်စွမ်းအင်ကို ကြောင့်ကြကင်းစွာ အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ”
25 May
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ပြည်သူများ လျှပ်စစ်နှင့်စွမ်းအင်ကို ကြောင့်ကြကင်းစွာ အသုံးပြုနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မေလ ၂၃ ရက်က အသိပေးကြေညာခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ စီမံကိန်းများကို အမျိုးမျိုးသော နှောင့်ယှက်ဟန့်တားမှုများကြောင့် အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိဘဲ ပြည်သူ လူထုလိုအပ်ချက်၏ ၇၀ % ခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိတယ်လို့ သိရပါတယ်။ သို့သော်လည်း ပြည်သူလူထု၏ သုံးစွဲမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာတာကြောင့် ဝန်နှင့်အား မမျှတော့ဘဲ ရုန်းကန်နေရပါတယ်။ လျှပ်စစ်ထုတ်လုပ်မှု၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံများမှာ ပြန်လည်အသုံးပြုရပြီး ၄ ဒသမ ၅ ရာခိုင်နှုန်းခန့်က ရှည်လျားစွာ သွယ်တန်းထားရတဲ့ မဟာဓာတ်အားလိုင်းကြီးများတစ်လျှောက် အလိုအလျောက်ဆုံးရှုံးသွားသဖြင့် သုံးစွဲသူပြည်သူများထံသို့ ရောက်ရှိ ချိန်မှာ ထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းခန့်က သဘောသဘာဝအရ လျော့နည်းနေမည်ဖြစ်ပါတယ်။ ဒါ့အအပြင် အချို့သော ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ်များ၊ ဓာတ်အားခွဲရုံများ မဟာဓာတ်အား လိုင်းကြီးများကို ဖျက်ဆီးခံထားရတာကြောင့် အပြည့်အဝအသုံးပြုနိုင်မှု မရှိတော့တဲ့အတွက် ကျန်ရှိတဲ့ ဓာတ်အားခွဲရုံ များနှင့် မဟာဓာတ်အားလိုင်းကြီးများက ဝန်ပိုများထမ်းဆောင်နေကြရသည်ဖြစ်ရာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု ကွန်ယက်ကြီးသည် နည်းပညာဆိုင်ရာ စွန့်စားရမှုများစွာနှင့်အတူ ပြည်သူများ၏ လိုအပ်ချက်ကို ကြိုးစားဖြည့်ဆည်းပေးလျက်ရှိတယ်လို့ သိရပါတယ်။ နိုင်ငံတော်၏ လျှပ်စစ်နှင့်စွမ်းအင်အရင်းအမြစ်များ၊ အခြေခံအဆောက်အဦများက နိုင်ငံတစ်ဝှမ်း ဖြန့်ကျက် တည်ရှိနေသည်ဖြစ်ရာ ပြည်သူလူထုအနေနဲ့ ဝိုင်းဝန်းကူညီစောင့်ရှောက်ခြင်း၊ အခါအားလျော်စွာထုတ်ပြန်တဲ့ အသိပေးတင်ပြချက်များကို လိုက်နာဆောင်ရွက်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 004)